
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့ဘက်ပိုင်းဒေသရှိ ထားဝယ်-မေတ္တာလမ်းမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ညနေ ၆ နာရီကျော်ခန့်မှာ သင်္ကန်းတုံးရွာနဲ့ဝကုန်းရွာကြား လမ်းမှာ စစ်ကောင်စီယာဉ် ၃ စီး ဖြတ်သန်းသွားလာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။”စကစ ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်။
သူတို့တပ်သားတွေ သေဆုံးဒဏ်ရာရတာတွေရှိတယ်။ သူတို့ရိက္ခာတွေနဲ့စကစ တပ်သားတွေ တင်ဆောင်လာတဲ့ ကားလို့တော့ သိရတယ်။ တပ်ရွေ့တာလား ရိက္ခာသွားပို့တာလားတော့မသိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ကားတွေပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေက ပတ်ဝန်းကျင်ကို သေနတ်နဲ့ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မိမိတို့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့မသက်ဆိုင်ဘူးလို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ထုတ်ပြန်ထားပါတယ်။