
စစ်ကောင်စီအဖွဲ့ဝင်များအနေဖြင့် ထွက်မပြေးဘဲ ရင်ဆိုင်တိုက်ခိုက်ရန် ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့က စိန်ခေါ်ခဲ့သည်။
နိုဝင်ဘာလ (၆)ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီး စစ်ကောင်စီ ကင်းလှည့်ကားအား ပြည်သူ့တော်လှန်ရေးတပ်သားများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ (၇) ဦး သေဆုံးပြီး၊ (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် ” ပျံလွှားအောင် ” စစ်ဆင်ရေး စီမံချက်ဖြင့် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိရာ အရပ်သားများ ထိခိုက်မှု မရှိစေရေး ဆောင်ရွက်လျှက်ရှိသည်ဟုလည်း သိရသည်။
သို့သော် စစ်ကောင်စီတပ်သားများသည် လက်နက်ကိုင် တိုက်ခိုက်ခံရချိန်တွင် ပြန်လည်ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုရဲဘဲ၊ သူရဲဘောကြောင်စွာ ထွက်ပြေးခဲ့ပြီး နောက်ပိုင်းရက်များတွင်မှ လက်နက်မဲ့ ဒေသခံ ရွာသားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ ကြီးလေးသည့် စစ်ရာဇဝတ်မှုများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ကျူးလွန်လျက် ရှိနေကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းသို့ အပြစ်မဲ့ အရပ်သားများကို ဦးတည်တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်သောကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအရ မလွဲမသွေ အရေးယူခံရမည် ဖြစ်သည်ကိုလည်း သတိပေးထားသည်။
အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းမပြုဘဲ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ လက်နက်ကိုင် ပြည်သူ့တော်လှန်ရေး တပ်သားများကိုသာ သတ္တိရှိရှိ ရင်ဆိုင်တိုက်ခိုက်ရန် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတိပေးထားခြင်း ဖြစ်သည်။