
အောက်တိုဘာလ ၃၁ ရက်နေ့ ည ၈ နာရီ နာရီခွဲခန့်တွင် ဒလ-တွံ့တေးကားလမ်းဘေး စည်ပင်သာယာရုံးဘေးတွင် ဗုံးပေါက်သံ ပေါ်ထွက်လာကြောင်း၊ ယင်းနောက် ဒလရဲစခန်းနှင့်ဒလမြို့နယ်ခန်းမအတွင်းမှ စစ်ကောင်စီတပ်သားများ ထွက်ရှိလာပြီး ရမ်းသမ်းပစ်ခတ်ကြောင်း ဒေသခံများကပြောသည်။
ထိုအချိန် မောင်စိုးကိုနှင့် သူငယ်ချင်း ၂ ဦးစီးနင်းလာသော ဆိုင်ကယ်တစ်စီး ယင်းအနားမှ ဖြတ်သန်းသွားရာ ယင်းဆိုင်ကယ်ကို စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ကြောင်း ၊ ဒလ ရေသန့်ရုံးအနီးတွင် ဆိုင်ကယ်တိမ်းမှောက်သွားကြောင်း၊ ဆိုင်ကယ်ပေါ်ပါ လူငယ် ၂ ဦးတွင် တစ်ဦးက ဗိုက်ပေါက်၍ သေဆုံးပြီး တစ်ဦးက ကျည်ထိ၍ အော်ဟစ်နေကြောင်း ၊ အော်ဟစ်နေသော လူငယ်ကို စစ်တပ်က ထပ်မံ၍ သေနတ်ဖြင့် ၅ ချက် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ကို မီးရှို့လိုက်ကြောင်း သိရှိရသည်။
ယင်းနောက် ရဲများက ရဲစခန်းသို့ ပြန်သွားကြပြီး အလောင်း ၂ လောင်းရှိနေရာသို့ ပြန်လာကာ ဓားနှစ်လက်ကို ဘေးချ၍ ဓာတ်ပုံရိုက်ကူးကြကြောင်း ဒေသခံများက ဆိုသည်။
“ဒလမှာ စစ်တပ်က ပစ်သတ်လို့ သေသွားတာက မောင်စိုးကို။ ကျန်စစ်သားလမ်းမကြီး ကမာကသွယ်ရပ်ကွက် မှာနေတာ။ နောက်တစ်ဦးက မောင်စိုးကို သူငယ်ချင်း အွတ်စမန်းလို့ ခေါ်ကြတယ်ပြောတယ်။ နာမည်ရင်းတော့ သေချာမသိဘူး။ မွတ်စလင်ပဲ။ တစ်ရပ်ကွက်တည်းသားတွေ။ မနေ့က မောင်စိုးကိုနဲ့ သူငယ်ချင်းအလောင်းကို စစ်တပ်က ရေဝေးပို့ပြီး သဂြိုလ်လိုက်တယ်။ စိုးကို အဒေါ် က မနေ့ မနက်က သိမ်ကျောင်းမှာ သက်ပျောက် ဆွမ်းချိုင့်ပို့တယ်” ဟု ကမာကသွယ်ရပ်ကွက်သားတစ်ဦးက ပြောဆိုသည်။