
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်များက စစ်ရဟတ်ယာဉ်များဖြင့် ညောင်လှ ကျေးရွာကို ပစ်ခတ်ရာ အသက် ၂၆ နှစ်အရွယ် မောင်ဟိန်းမင်း ထွန်း ကျဆုံးခဲ့ရကြောင်း ကျေးရွာဒေသခံများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်ရဟတ်ယာဉ်များဖြင့် ဒီပဲယင်း ညောင်လှကျေးရွာကို ပစ်ခတ်ပြီး မြေပြင် တပ်များကလည်း ညောင်လှကျေးရွာကို ဝင်ရောက်စီးနင်း ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မောင်ဟိန်းမင်းထွန်း အလောင်းကတော့ မိဘတွေက သယ်ယူပြီး သဂြိုလ်ပြီးပါပြီ။ အမြန် သယ်ပြီး သဂြိုလ်လိုက်ရတာမို့ပါ။ ကျနော်တို့ ညောင်လှကျေးရွာကို တမင်သက်သက်ကြီး အဖိခံရတော့ စိတ်တော့ တိုတယ်ဗျဒီလောက်ထိ ဖိစရာလိုလားဗျာ။ အထင်မှားနေကြတာက တိုက်ပွဲဖြစ်လို့ ရဟတ်ယာဉ်လာတယ်ပေါ့။ တကယ်က တမင်ကြီး တမင်ကြီးလာပစ်တာပေါ့။ တကယ်က ဘာတိုက်ပွဲမှ မဖြစ်သေးဘဲ သူတို့ဘက်က ရဟတ်ယာဉ်နဲ့ လာပစ်တာပါ။ အဲ့ဒီအရင်နေ့တွေကတည်းက သူတို့ဘက်က ကုန်းကြောင်းနဲ့ စစ်ကြောင်းထိုးလာပါတယ်အဲ့ကတည်းက ပြည်သူတွေ ရှောင်ကြရတယ်။ ဒီဘက်က ဘာမှကို မတိုက်ရသေးတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ညောင်လှကျေးရွာတွင် စစ်ကောင်စီတပ်များသည် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း ဖျက်ဆီးသွားကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ(၂၇) ရက် ညနေက ဒီပဲယင်းမြို့နယ် ညောင်လှရွာသို့ လေကြောင်းဖြင့် ပစ်ခတ်ဝင်ရောက်လာသူများနှင့် ဆည်ကြီးရွာဘက်မှ ခြေလျင်ချီတက်လာသော စကစတပ်သားများ စုစုပေါင်း အင်အား (၁၅၀)ခန့် ကို ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် မြို့နယ် ပကဖ အဖွဲ့ဝင်များ၊မိုးကြိုးမုန်တိုင်းအဖွဲ့နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ(၂၈) ရက် နံနက်မှစ၍ ခုခံတွန်းလှန်ခဲ့ရာ အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စကစတပ်သား(၂၅)ဦး ထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ တစ်ယောက် လက်ထိဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူများ ဘေးလွတ်ရာ ရှောင်ရှားခဲ့ကြရပြီး စကစတပ်သားများက ရွာတစ်ရွာနားချဥ်းကပ်ချိန်တွင် ရွာကို လက်နက်ကြီး ဆယ်ချက်ခန့်ထုပြီးမှ ဝင်ရောက်ကာ အများပြည်သူပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုလည်း လုယက်ခိုးယူသွားကြကြောင်း သတင်းထုတ်ပြန်သည်။
အလားတူ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ရေရှင်ရွာ၊ စစ်ဘေးရှောင်နေထိုင်ရာ နေရာကို စစ်ကောင်စီ အကြမ်းဖက်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သတ်ဖြတ် မီးရှို့ခံထားသည့် အရပ်သားစစ်ရှောင်ပြည်သူ ၃ ဦးအလောင်းကို တွေ့ရှိရကြောင်း၊ သတ်ဖြတ်မီးရှို့ခံထားရတဲ့သူများမှာ ရေရှင်ရွာမှ ၁ဦးနှင့်အင်းကျွန်းမှ ၂ ဦးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။