
နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးဖြင့် စစ်သားအများအပြား အင်အားဖြည့်ထားပြီး ညောင်လှကျေးရွာကိုလည်း စစ်ရဟတ်ယာဉ်ဖြင့် ပစ်သတ်သောကြောင့်အနည်းဆုံး ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။
“မနေ့က ရဟတ်ယာဉ် ၅ စီးနဲ့ စစ်သားတွေ လာချတယ်။ ရွာပြင် လယ်ကွင်းတွေထဲမှာ ရဟတ်ယာဉ်ဆင်းပြီး စသားတွေချတယ်။ နောက်ပြီး ညောင်လှ ကျေးရွာထဲကို ပစ်တယ်။ ပစ်တာက ရွာမြောက်ဘက်ခြမ်းကို အဓိကထားပစ်တယ်။ ရွာတောင်ဘက်ခြမ်းကိုလည်း ပစ်တယ်။ ပစ်တာတော်တော်ပစ်သွားတာ ရွာတောင် ခြမ်းကတော့ ထိခိုက်ဒဏ်ရာ ရသူ ၂ ဦး နဲ့ ကျဆုံး ၂ ဦးလောက်ရှိတယ် ကြားရတယ်။ မြောက်ဘက်ခြမ်းကတော့ ဘယ်လိုရှိမလဲမသိသေး” ဟု ဒီပဲယင်းဒေသခံတစ်သီးက ပြောသည်။
လက်ရှိတွင်လည်း ဒီပဲယင်း ညောင်လှရွာကို ဦးတည်၍ စစ်ကြောင်းများက ချီတက်လာနေကြောင်း၊ ညောင်လှရွာတွင် စစ်တပ် အထိုင်ချပြီး အနီးအနား ပတ် ဝန်းကျင်ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်နေကြောင်း၊ ဝဲကြီး၊ ယာဉ်ကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရသကဲ့သို့ ထွက်ပြေးနိုင်ခြင်းမရှိဘဲ ပိတ်ဆို့ခံနေရသော ပြည်သူများလည်း အများအပြားရှိနေကြောင်း သိရှိရသည်။
“ပြေးတဲ့သူတွေလည်း ဘာမှ မပါသွားဘူး။ ရွာထဲမှာ ကျန်တဲ့သူတွေကလည်း ပတ်လည်ကို စစ်တပ်က ၀ိုင်းထားတယ်။ အခြေအနေကတော့ ဆိုးတယ်။ စစ်ကြောင်းတွေ နေရာပေါင်းစုံကနေ ထိုးနေတာ။ ဒီနေ့ မနက်လည်း ရဟတ်ယာဉ် ဝဲနေတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဒီပဲယင်းဒေသ စစ်ဘေးရှောင် ကူညီရေးအဖွဲ့များ၏ အဆိုအရ ရွာပေါင်း(၁၀)ရွာခန့်မှ စစ်ရှောင် ပြည်သူ ၂၀၀၀ ခန့် ဟာ အနေခက် အစားခက် အခြေအနေသို့ ရောက်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ပြောသည်။ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်များကလည်း ပြည်သူများထံသို သတိပေးချက်များ ထုတ်ပြန်ထားပြီးလေကြောင်းတိုက်ခိုက် မှု့များ ကြုံတွေ့နေချိန် ပြည်သူများအချင်းချင်း အဆောက်အဦး အမိုးအကာအောက်သို့ ဝင်ရောက်ခိုလှုံခွင့်ပြုကြရန်၊ ကျေးရွာများကိုစွန့်ခွာထွက်ပြေးနေရသူများ လယ်ကွင်းများထဲတွင် အစုလိုက် နေထိုင်ခြင်းများကိုရှောင်ရှားကြပါရန်၊ ဒေသအလိုက် ကာကွယ်ရေးအဖွဲ့များမှ စီမံဆောင်ရွက်ပေးသော နေရာများ၊ကျေးရွာများအတွင်းနေထိုင်ကြပါရန် သတိပေးထားသည်။
ထို့ပြင် ပြည်သူများဆုတ်ခွာရာလမ်းကြောင်းများတွင် ကာကွယ်ရေးအဖွဲ့များမှ ထောင်ထားသောမိုင်းကွင်းများရှိပါသဖြင့် ကာကွယ်ရေးအဖွဲ့များခွင့်ပြုပေးသောလမ်းများကိုသာအသုံးပြု သွားကြရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်များက အများအပြား (မိုးကာအုပ်ကားများဖြင့်)ဝင်ရောက်နေပါသဖြင့် ပြည်သူပြည်သား ကားပိုင်ရှင်များအနေဖြင့်မိုးကာအုပ်မောင်းနှင်ခြင်းလုံးဝ (လုံးဝ)မပြုကြပါရန် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဒီပဲယင်းမြို့နယ်က ပြည်သူသို့ သတိပေးချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ညောင်လှရွာ မြောက်ဘက် ဆည်ကြီးရွာတွင် စခန်းခန်းချသည် စစ်တပ်က ညောင်လှရွာဘက် တက်လာနေပီး ညောင်လှရွာ တောင်ဘက်တွင်လည်း စစ်တပ်တချို့ရှိနေကြောင်း၊ စစ်သားတချို့က ယဉ်ကျေးရွာများဆီ သွားနေပြီး ပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် စစ်တပ်က ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီး။