
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန် တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော်(KA)၊KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း KNDF က ပြောသည်။
နှစ်ဖက်တိုက်ပွဲသည် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်အထိ ကြာမြင့်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ထူလွှီးဘီလာကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် (၅) လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေများကိုမသိရသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ခြေတော်ရာဘုရားတောင်နှင့် သဲတောင်တို့တွင်တပ်စွဲထားပြီး တောင်ခြေရပ်ကွက်များသို့ တပ်ဖြန့်ကာ ပြည်သူ့ ပစ္စည်းဥစ္စာများကို လုယူခြင်း နေအိမ်များကို မီးရှို့ဖျက်စီးခြင်း စသော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း KNDF က ပြောသည်။