
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံတွင် ဆေးသွားရောက်ကုသစဉ် မည်သူ့ဆီကမှ ငွေလက်ခံရယူခြင်းမျိုးမရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရန်ပုံငွေမှ အကုန်အကျခံ သုံးစွဲခဲ့ခြင်းသာဖြစ်ကြောင်း ဇနီးဖြစ်သူဒေါက်တာဒေါ်ယုယုမေကထွက်ဆိုခဲ့သည်ဟု အိုးဘိုအကျဉ်း ထောင်တွင်း သတင်းအရင်းအမြစ်က ယနေ့တွင်ပြောသည်။
ယမန်နေ့ ဧပြီ ၁၉ ရက်နေ့က ဝန်ကြီးချုပ်အား စွပ်စွဲထားသော အဂတိအမှု သုံးမှုဖြစ်သည့် ရာကြီးမှု အမှတ်(၆)၊ (၇)၊ နှင့်(၈) အမှုတို့အတွက် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း သီးသန့်တရားရုံးတွင် ရုံးထုတ် ခဲ့ခြင်းဖြစ်သည်။ ယင်းနေ့ ရုံးထုတ်စစ်ဆေးမှုတွင် ဒေါက်တာဇော်မြင့်မောင်၏ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေနှင့် ဦးကျော်စွာဦးဆိုသူတို့ ခံပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့ကြသည်။
“ ဒေါက်တာဇော်မြင့်မောင် ထိုင်းမှာဆေးကုတဲ့အချိန်မှာ မောင်ဝိတ်ဆီကယူတယ်။ ဦးရဲမြင့်ဆီက ယူတယ် ဆိုတဲ့စွပ်စွဲမှုမှာ ဘယ်သူဆီကမှ မယူဘူးတဲ့။ ဒေါက်တာဇော်မြင့်မောင် ဆေးရုံတက်တဲ့အခါမှာ ထိုင်းကို ဒေါ်အောင်ဆန်းစုကြည်လိုက်လာပြီးတော့ ကုန်ကျခံပြီးကုပေးခဲ့တာ။ ဒါက ဒေါက်တာဇော်မြင့်မောင်တစ် ယောက်တည်းတင် မဟုတ်ဘူး။ NLD မှာ ကျန်းမာရေးချို့တဲ့သူတွေမှန်သမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေအတွက် NLD ရန်ပုံငွေထဲကနေ အကုန်အကျခံပေးတာမျိုးဆိုပြီး ထွက်ဆိုသွားတာပါ” ဟု သတင်းအရင်းအမြစ်က ရှင်းပြသည်။
ယင်းအမှု သုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းထိန်တို့ သက်သေထွက်ဆိုရန်ရှိနေသည်ဟု ဆိုသည်။စစ်ကောင်စီက ဦးဝင်းထိန်သက်သေလာရောက်ထွက်ဆိုရန် ခွင့်ပြုထားပြီဖြစ်သော်လည်း ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မည်သို့ထွက်ဆိုရမည်ကို မသိရှိရသေးဟုဆိုသည်။
“ ဧပြီ ၂၉ ရက်နေ့(သောကြာနေ့)မှာ ဦးဝင်းထိန်ကို စစ်ဖို့ရှိတယ်။ စစ်တာတော့ စစ်မှာပါ။ ဘယ်လိုစစ်မယ် ဆိုတာ မသိသေးဘူး။ အခုအချိန်အထိတော့ သူတို့နှစ်ယောက်ကို သက်သေထွက်ဆိုခွင့် ဘယ်လိုလုပ်မလဲ ဆိုတာ မသိရသေးပါဘူး” ဟုဆိုသည်။
ယင်း အဂတိအမှု သုံးမှုအတွက် ဝန်ကြီးချုပ်ကအပြစ်မရှိကြောင်း ငြင်းဆိုထားခဲ့သလို စီးပွားရေးလုပ်ငန်း ရှင်မောင်ဝိတ်ကလည်း မိမိဆန္ဒဖြင့် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ရုံးချိန်းတစ်ခုတွင် ထွက်ဆိုထား သည်။အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာခံစားနေရသော ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် အဂတိအမှု ငါးမှု၊ မဲမသမာမှုဖြင့်စွပ်စွဲထားသော အမှုနှစ်မှု စုစုပေါင်း အမှုခုနစ်မှုဖြင့် ဆက် လက် တရားရင်ဆိုင်နေရသည်။