
ယမန်နေ့ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီကျော်တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့၊ အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဗုံးပစ်ထည့်ခဲ့သည်ဟု ဓနုဖြူ မြို့ပြပြောက်ကျား တပ်ဖွဲ့ (DNP STF) အဖွဲ့ဝင် တစ်ဦးက ပြောသည်။
” ရုံးထဲမှာ ထိုင်နေတဲ့သူတွေ ထိသွားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ အတည် ပြုလို့တော့ မရသေးပါဘူး။ စစ်ကောင်စီနဲ့ ပတ်သက်တာတွေကို ဆက်လက် တိုက်ခိုက်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ ရှိ၊မရှိ ကိုမူ လတ်တလော အတည်ပြု၍ မရသေးဟု ၎င်းက ဆိုသည်။
ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီ တပ်များနှင့် ရဲများက ဗုံးပစ်ခံခဲ့ရသော ရုံးပတ်ဝန်းကျင်နှင့် ဓနုဖြူ မြို့ပေါ် လမ်းများတွင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။