
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နခဖ နယ်ခြားစောင့်တပ်ဖွဲ့ မှတ်တိုင် ၄၃ မှ ဒုရဲအုပ် ကြည်ထွန်း (ကိုယ်ပိုင်အမှတ် လ ၂၁၉၁၄၄ ) သည် စစ်ကောင်စီ လက် အောက် တွင် တာဝန်မထမ်းဆောင်လိုတော့၍ ရက္ခိုင့်တပ်တော် AA သို့ထွက် ပြေးရာတွင် ၎င်းကိုလိုက်ပို့သည့် ကယ်ရီသမား၏ အစ်ကိုဖြစ်သူကို စစ်တပ်က ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူများကပြောသည်။
ထွက်ပြေးသွားသည့် နခဖ မှ ဒုရဲအုပ် ကြည်ထွန်းသည် ကျောက်ဖြူမြို့နယ်မှဖြစ်ပြီး ၎င်းကိုလိုက်ပို့သည်ဟုဆိုကာ ကယ်ရီသမားကို ဖမ်းဆီးရန်ရှာဖွေကြောင်း၊ မတွေ့၍ ကယ်ရီသမား၏ အစ်ကိုဖြစ်သူကို စစ်တပ်က ဖမ်းဆီးသွားကြောင်း မောင်တောမြို့နယ် မင်းခမောင်းရွာမှ ကိုအောင်သိန်းလှကပြောသည်။
“ကျနော်တို့သိသလောက်တော့ နခဖ မှာတာဝန်ကျနေတဲ့ ကျောက်ဖြူနယ်က ဒုရဲအုပ်ကြည်ထွန်းက လကုန်ရက် နိုဝင်ဘာ ၃၀ မှာ သူ့တာဝန်ကျရာကနေ ထွက်လာပြီး AA ထဲကိုထွက်ပြေးသွားတော့ သူ့ကိုလိုက်ပို့တယ်လို့ဆိုပြီး မောင်တော ကယ်ရီသမားကို ဖမ်းဖို့လိုက်ရှာတာ။ သူ့ကိုမတွေ့တော့ သူ့အကိုကို ဖမ်းသွားတာ” ဟုပြောသည်။
လိုက်ပို့သူကယ်ရီသမားအား စုံစမ်းမရ၍ အကိုဖြစ်သူအား ရဲများက နေအိမ်မှခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိတွင်အဆက်သွယ်မရ၍ မိသားစုဝင်များစိုးရိမ်နေကြသည်ဟု ဖမ်းဆီးခံရသူ၏ ဇနီး ဖြစ်သူ မတန်ယဉ်ကပြောသည်။
“သူတို့က ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်က ကျမယောင်္ကျားကို ခေါ်သွားကြတာ။ လာတုန်းက သူ့ညီနဲ့အဆက်သွယ်ရလားမေးတယ်။ သူ့ညီက လူတစ်ယောက်ကိုလိုက်ပို့မှုနဲ့ မေးစရာရှိလို့ပြောတယ်။ ကျမတို့ကအဆက်သွယ်မရဘူးပြောတော့ ကျမယောင်္ကျားကိုဖမ်းခေါ်သွားတာ။ ညနေဖက်တစ်ခေါက်ရောက်လာသေးတယ်။ ပြီးရင်ပြန်ခေါ်သွားတာ ခုထိအဆက်သွယ်မရသေးဘူး။ အောင်သာယာမှာရှိတဲ့ သူ့မိဘဆီကို ရောက်လာပြီး ဖမ်းသွားတဲ့သူတွေက နောက်ဆုံးအနေနဲ့ စကားပြောခိုင်း ကန်တော့ခိုင်းတယ်လို့ကြားတယ်။ အဲ့ဒါကြောင့် ကျမတို့အရမ်းစိတ်ပူနေတာပါ” ဟုပြောသည်။
အစ်ကိုဖြစ်သူကို ဖမ်းဆီးရာတွင် ညီဖြစ်သူ ကယ်ရီသမားက ကယ်ရီငှားစီးသူကို မည်သည့်နေရာတွင်ချထားသနည်းဟု ရဲတပ်ဖွဲ့က ပထမဖုန်းဖြင့်မေးမြန်းမှုရှိခဲ့ပြီး မောင်တောမြို့မှ ၃ မိုင်အကွာတွင် ချထားခဲ့သည်ဟု သိရှိရကြောင်း အစ်ကိုဖြစ်သူက ပြန်ဖြေကြားခဲ့ပြီးနောက် ဖမ်းဆီးရန်လာရောက်ရှာဖွေခြင်းဖြစ်သည်ဟု ဇနီးဖြစ် သူကဆက်ပြောသည်။
ဖမ်းဆီးခံထားရသူ ကိုမောင်ခင်လှမှာ မင်းခမောင်းရွာတွင် လက်လုပ်လက်စားလုပ်ကိုင်နေထိုင်သူဖြစ်ပြီး လက်ရှိတွင် နီးစပ်သူများ၏ ပြောကြားချက်အရ နရခ (၇) တပ်ရင်း၌ ဖမ်းဆီးခံထား ရသည်ဟု ကြားမိကြောင်း မိသားစုဝင်များမှပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့မ ရဲစခန်းကိုဖုန်းဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသလို ပြည်နယ် ရဲတပ်ဖွဲ့ကိုဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။
ဒုရဲအုပ် ကိုကြည်ထွန်း ကိုယ်ပိုင်အမှတ် လ ၂၁၉၁၄၄ မှာ နခဖ တပ်ရင်းမှ ရက္ခိုင့်တပ်တော် AA သို့ထွက်ပြေးသွားသည်ကို ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့် ရင်းနှီးသူများ၏ ပြောဆိုချက်အရသိရခြင်းဖြစ်သည်။