
ကောလင်းတွင် ဗိုလ်မှူး အပါ စစ်သား ၅၀ ဦးသေဆုံးသဖြင့် စစ်ရဟတ်ယာဉ်ဖြင့်ပါ ထိုးစစ်ဆင်
နိုဝင်ဘာလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ကောလင်းအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်သား အနည်းဆုံး ၅၀ သေဆုံးကြောင်း၊ ဗိုလ်မှူးများအပါအဝင် အရာရှိများလည်းပါဝင်ကြောင်း ကောလင်းမြေပြင်ကင်းထောက်အဖွဲ့ KR က ပြောသည်။ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ကောလင်းတွင် အခြေအနေမဟန်တော့သည့် စစ်ကောင်စီတပ်များကို စစ်ကူပေးရန် စစ်ရဟတ်ယာဉ် ၂ စီးဖြင့် မိနစ် ၄၀ ကြာ ပျံသန်း၍ ကောလင်းအနောက်ခြမ်းရှိ ကျေးရွာများကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မင်းတပ်တွင် ယနေ့နှင့်ယမန်နေ့ နှစ်ရက်ပေါင်း စစ်သား ၂၈ ဦးသေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မိုင်တိုင် ၂၆ ဝန်းကျင်၌ တိုက်ပွဲ မနက်ပိုင်း ၁ ကြိမ် နှင့် နေ့လယ်ပိုင်း ၁ ကြိမ် ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ကျဆုံးခဲ့ကြောင်း၊ မနက်ပိုင်းတိုက်ပွဲတွင် CDF-MINDAT မှ ရဲဘော် တစ်ဦး ဒဏ်ရာရပြီး မစိုးရိမ်ရကြောင်း မင်းတပ်CDF မှ တာဝန်ရှိသူ ကိုယောမန်က ပြောသည်။ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီခွဲ ဝန်းကျင်အချိန် ၃၁ မိုင်တွင် တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံရွာသားများနှင့် CDF-MINDAT တို့ပူးပေါင်းပြီး စစ်ကောင်စီယဉ်တန်းကို တူမီးများနှင့် အနီးကပ်ချုံခိုတိုက်ခိုက်ရာ စစ်သား ၈ ဦးခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း မင်းတပ် CDF တာဝန်ရှိသူက ပြောဆိုသည်။ စစ်ကောင်စီတပ်များသည် လွန်ခဲ့သောအပတ် အလာလမ်းတွင် ရွာသားများ၏ နွားနောက်များ သတ်စားခြင်း၊ အိုးအိမ်ပစ္စည်းအမျိုးမျိုးကို ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာသားများပါဝင် တိုက်ခိုက်ကြခြင်းဖြစ်ပြီး ၃၁ မိုင်အကျော်တွင် ပုပ်ပွစပြုလာသော စစ်သားအလောင်း တစ်ခုကို လမ်းဘေးမြှပ်ထားခဲ့ကြကြောင်း သိရှိရသည်။
ပုလဲမြို့နယ်တွင် စစ်သား ၁၈ ဦးထက်မနည်းသေဆုံး
ယနေ့နံနက် ၇ နာရီခွဲဝန်းကျင် ကန့်ဒေါင့်ဘက်က ခြေလျင်ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော်ကို လှိုင်းချောင်းလမ်းခွဲ အရှေ့ဘက်မှာ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း၃လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ပုလဲမြို့က ထွက်လာသည့် (စကစ) စစ်ကား ၅စီးအနက်မှ စစ်ကား၁စီးနှင့်ခြေလျင်တပ်သားများ ဦးနှောက်ရွာအနောက်ဘက်် အရောက် နေ့လည်၁၂နာရီခန့်တွင် ပုံတောင်တိုက်ဂါးအဖွဲ့မှ မိုင်း၆လုံးခွဲတိုက်ခဲ့ကြောင်း၊ ယနေ့ ညနေ ၅ နာရီတွင် (စကစ)တပ်မှ စစ်ကား၄စီးနှင့် ခြေလျင်တပ်သားများ ဆက်လက်ထွက်ခွာလာရာ ပုံတောင်တိုက်ဂါးအဖွဲ့ နှင့် ပုလဲပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ညနေ၅နာရီခွဲခန့်တွင် လှိုင်းချောင်းအနောက်ဘက်၌ မိုင်း၄လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်း ၃ ကြိမ်ခွဲမှုတွင် စစ်ကောင်စီတပ်သား ၁၈ ဦးခန့် သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကြံ့ခိုင်ရေးနှင့်ပျူစောထီးသားအဖ သေဆုံး၊ စစ်သား ၂ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်လမ်းတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ ကားတစ်စီး ယမန့် နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သားနားကျေးရွာရှိ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင် သင်တန်းဆင်းထားသူ သားအဖနှစ်ဦးကို နိုဝင်ဘာ(၆)ရက်နေ့ ညနေပိုင်းတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ပြော ဆိုချက်အရ သိရသည်။
ယင်းမာပင်တွင် စစ်သား ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ-ပုသိမ် ကားလမ်းမပေါ်ရှိ အမှတ် ( ၂၈) ရဲတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများ နေထိုင်ရာကုန်းအကြားတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၂စီး ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့၌ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ကျွန်းလှတွင် စစ်သား ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကျွန်းလှ ဆည်အနောက်ဘက်ခြမ်းရှိ ခပေါင်းရုံကျေးရွာနှင့် လိပ်စင်းထောင်ကျေးရွာကြားတွင် အကြမ်း ဖက် စစ်ကောင်စီ စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦး သေဆုံးကြောင်း ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပြောဆိုချက်အရ သိရသည်။
ဂန့်ဂေါတွင် စစ်သား ၁၀ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့မှ ဂန့်ဂေါဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကား အစီး ၃၀ ကျော်ပါ စစ်ကြောင်းကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ ၃ဝမိနစ်တွင် ကန်ရွာတံတားအနီး တစ်နေရာနှင့် နံနက် ၁၁ နာရီ ၃ဝမိနစ်တွင် ကျောက်ဂူတောရတောင်ဘက် တစ်နေရာတို့တွင် Yaw Defense Force – YDF အဖွဲ့က နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း YDF အဖွဲ့ထံမှသိရသည်။
သရက်ချောင်းတွင် စစ်သား ၂ ဦးသေဆုံး
တနင်္သာရီတိုင်း ထားဝယ်ခရိုင် သက်ရက်ချောင်းမြို့နယ် သဲချောင်းကြီးရဲစခန်းနှင့် စုံစင်ဖျားရွာကြားတွင် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်၌ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(TYC-PDF)နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TYC-PDF အဖွဲ့က သိရသည်။
ဂန့်ဂေါ မိုင်တိုင် အမှတ် ၂၅ တွင် မိုင်းဆွဲတိုက်ခိုက်မှု သေဆုံးအရေအတွက် မသိရသေး
မကွေးတိုင်း ဂန့်ဂေါ-ကလေး လမ်းပိုင်း မိုင်တိုင်အမှတ် (၂၅) အနီးတွင် နိုဝင် ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကလေးက တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၃၄ စီးကို PDF-GanGaw အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ထိခိုက် ဒဏ်ရာရကာ သေဆုံးသူ အရေ အတွက်ကို အတည်မပြုနိုင်သေးကြောင်း PDF-GanGaw အဖွဲ့က သိရသည်။
ကျောက်ထုတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံး
ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၃နာရီ ၁၅မိနစ်အချိန် မကွေးတိုင်း ကျောက်ထုက ထီးလင်းဘက်သို့တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ် ၇ စီးပါ စစ်ကြောင်းက ကား ၁စီးသည် လမ်းအတက်ကို မတက်နိုင်ဘဲ ကားပေါ်မှ စစ်ကောင်စီ တပ်သားများ လမ်းဆင်းလျှောက်စဉ် Kyaukhtu PDFက မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Kyaukhtu PDF အဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမှ တိုက်ခိုက်မှုများ
ရန်ကုန်တိုင်း မြောက်ဒဂုံထွေအုပ်ရုံးနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၂၉ရပ်ကွက် မောင်းမကန်လမ်းနှင့် ပင်လုံလမ်းထောင့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ACPLF (အဆပလ)အဖွဲ့က ယနေ့ နိုဝင်ဘာလ ရရက်နေ့ နံနက် ၅နာရီ ၄၅မိနစ်နှင့် ၆နာရီတို့တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သော်လည်း နည်းပညာအခက်အခဲနှင့် ပစ်မှတ်ချိန်ကိုက်မှုဆိုင်ရာ အတားအဆီးအချို့ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းသန်လျင်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်
ရန်ကုန်တိုင်း သန်လျင်မြို့နယ် ကညနရှေ့တွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၁၂နာရီ ၁ဝမိနစ်နှင့် နေ့လည် ၃နာရီတို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက်ကွဲ
ရန်ကုန်တိုင်း လိူင်သာယာမြို့နယ် သမကုန်းအနီး အတွင်းပဒံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် CGF HTYအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးကြောင်း CGF HTY အဖွဲ့ထံမှသိရသည်။ထို့ပြင် လှိုင်သာယာတွင် ယနေ့ စစ်ကောင်စီသတင်းပေးတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် စစ်သား ၃ ဦးသေဆုံး
ရန်ကုန်မင်္ဂလာဒုံတွင် ယနေ့ ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး အနည်းဆုံး စစ်သား ၃ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်တွင် စစ်ကောင်စီတပ်တွေ မိုင်းမိပြီး ဒဏ်ရာရ
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ထနှောင်းပင်လှကျေးရွာအနီးရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကို လာရောက် စစ်ဆေးသည့် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့များ ထပ်မံ မိုင်းခွဲတိုက်ခိုက်ခံရကာ လေ ကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး ဦးခေါင်း ဒဏ်ရာရရှိခဲ့ကာ ကျောက်ဆည်မြို့မ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်တို့လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) အဖွဲ့က သိရသည်။
ကရင်ပြည်နယ်တွင် စစ်သား ၄ ဦးဒဏ်ရာရ
ကရင်ပြည်နယ် သထုံမြို့နယ် ဝမ်းဘဲအင်းရွာနှင့် ထီးညလူရွာကြားတွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ၃ဝမိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအား KNLA တပ်မဟာ ၁ တပ်ရင်း ၂ နှင့် သထုံ ပြည်သူ့ ပျောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သထုံ ပြည်သူ့ ပျောက်ကျားအဖွဲ့က သိရသည်။
တီးတိန်တွင် စစ်သား ၂ ဦးသေဆုံး
ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာနှင့် ဆိုဇန်ရွာကြား ကနေဒီတောင်ခြအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် CDF-KKG တပ်ရင်း ၂ (CDM Siyin) ၊ Zoland PDF ပူးပေါင်းတပ်ဖွဲ့ကြား နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး BA အမျိုးအစား သေနတ် ၂ လက်၊ ဖုန်း ၂ လုံးနှင့် ပိုက်ဆံအချို့ သိမ်းဆည်းရမိကြောင်း CDF – (ကလေး၊ ကဘော်၊ ဂန့်ဂေါ) တပ်ဖွဲ့က သိရသည်။