
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ စည်သာအေးကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား သုံးယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းနဲ့ ဒေသခံ အရပ်သား ဦးဇော်မင်းနဲ့ ဦးခင်မောင်ရင် တို့ကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၁၃ ရက်နေ့ညနေက ဦးဇော်မင်းကို ဖမ်းသွားပြီးမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကို ထပ်ဖမ်းသွားတာ။ အုပ်ကြီးအပါအဝင်ဆို ၃ ယောက်ရှိပြီ” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ဦးခင်မောင်ရင်ဟာ အိမ်မှာမရှိတာကြောင့် သူ့ရဲ့ ဖခင်နဲ့ ဆိုင်ဝန်ထမ်းတွေကို ရဲစခန်းမှာ ဓားစားခံအဖြစ် အရင်ဖမ်းဆီးသွားပြီးနောက်မှ သူ့ကို ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
”ဦးခင်မောင်ရင်က ခရီးထွက်နေလို့ နိုဝင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက သူ့အဖေနဲ့ ဆိုင်ဝန်ထမ်းတွေကို ဓားစာခံဖမ်းသွားတာ။ အဲ့ဒီညနေပိုင်း ဦးခင်မောင်ရင် ရဲစခန်းကိုရောက်လာမှ သူ့အဖေနဲ့ဆိုင်ဝန်ထမ်းတွေကို ပြန်လွှတ်ပေးခဲ့တာ” လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို PDF အဖွဲ့တွေနဲ့အဆက်အသွယ်တယ်ဆိုပြီး စစ်ကောင်စီက တဖက်သတ်စွပ်စွဲကာ မတရားဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းအချုပ်ထောင်မှာ ချုပ်နှောင်ထားပြီး ၂ ရက်ကြာတဲ့အထိ မိသားစုနဲ့တွေ့ဆုံခွင့်မရသေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဥတ္တရသီရိမြို့နယ်မြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။