
လနဲ့ချီကြာလာပြီဖြစ်တဲ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအခက်အခဲရှိလာတယ်လို့ စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ တာဝန်ခံက ပြောပါတယ်။
လက်ရှိပုလောမြို့နယ်က စစ်ဘေးရှောင်စခန်း ၃ ခုမှာ စစ်ဘေးရှောင် တစ်ထောင်နီးပါးရှိနေတာပါ။
“အဓိကကစားနပ်ရိက္ခာပဲ။ ကြိုပြီး သိုတောင် မသိုနိုင်ဘူး။ တစ်လစာ တစ်လ တအားကို ခဲရာခဲဆစ် ရှာနေရတယ်” လို့ ပုလောမြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီတာဝန်ခံက ပြောပါတယ်။
ကုန်စျေးနှုန်းမြင့်တက်လာမှုနဲ့ စစ်ကောင်စီတပ်ဘက်က လမ်းကြောင်းလိုက်လံပိတ်ဆို့တာတွေရှိနေတာကြောင့်လည်း စားနပ်ရိက္ခာရရှိဖို့အတွက် ပိုမိုအခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။
အလှူရှင်တွေ၊ ကူညီပေးနေကြသူတွေက ဝိုင်းဝန်းကြိုးစားပေးကြပေမယ့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့တခြားလိုအပ်ချက်တွေအတွက် မကာမိတဲ့အခြေအနေရှိတယ်လို့ ကော်မတီတာဝန်ခံက ဆိုပါတယ်။
ပုလောမြို့နယ်မှာ ဆားခဲ၊ ပိန္နဲတောင်၊ မိကျောင်းသိုက်၊ ပုလောကုန်းတို့အပါအဝင် စုစုပေါင်းရွာနှစ်ဆယ်ကျော်က ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ကော်မတီရဲ့အချက်အလက်တွေအရ သိရပါတယ်။
ပုလောမြို့နယ်မှာ KNU၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေလို့ စစ်ဘေးရှောင်တွေ အိမ်မပြန်နိုင်ကြသေးပါဘူး။
ပုံစာ – ပုလောမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ(ပုံဟောင်း) စစ်ဘေးရှောင်ကော်မတီ