
အကြမ်းဖက်စစ်ကောင်စီဟာ ပုလဲနယ်ကို အင်အား ၅၀၀နဲ့ တစ်ထောင်ကြား အင်အားဖြည့်ထားပြီး ဒီနေ့မှာတော့ သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းခန့်ကစပြီး မုံရွာ၊ ပခုက္ကူနဲ့ ယော-ဂန့်ဂေါ ကနေ စစ်အင်အားဖြည့်ရာမှာ ပုလဲနယ်မှာ ယခုအခါ စစ်ကောင်စီတပ်အင်အား ၅၀၀ နဲ့ ၁၀၀၀ ကြားရှိနေပါတယ်။
ပထမအကြိမ်အနေနဲ့ မနက် ၉နာရီလောက်မှာ ကျောက်စလင်းတောင်ရဲ့ အောက်ဖက် မြစ်ကျတံတားအနီးမှာ ပဒေသာမိုင်းတွဲတွေကို ရှင်းလင်းဖို့ ကြိုးစားနေတုန်း တိုက်ခိုက်ခဲ့တာပါ။
ပုလဲ PDF က ရဲဘော်ကိုနေ ဦးဆောင်တဲ့ တပ်စုက ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တချို့ သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲ PDF က ထုတ်ပြန်ပါတယ်။
ပထမအကြိမ် တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လမ်းဘေးဝဲယာကို ပစ်ခတ်ရင်း ထွက်လာစဉ် နေ့လယ် ၁၂ နာရီလောက် ကျောက်ပုံကွေ့အနီးအရောက်မှာ ဒုတိယအကြိမ် ထပ်ပြီး မိုင်းဆွဲခံခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရပြီး ကျန်တပ်ဖွဲ့ဝင်တွေက လမ်းဘေးဝဲယာဖြန့်ဆင်းပြီး ပစ်ခတ်တုန်းမှာ အသင့်ထောင်ထားတဲ့ တိုက်မိုင်းကွင်းအတွင်း ရောက်ရှိပြီး မိုင်းခြောက်လုံးထက်မနည်း ထပ်မံပေါက်ကွဲခဲ့လို့ သေဆုံးသူတွေထပ်ရှိခဲ့တယ်လို့ ပုလဲ PDF က ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လယ်ကန်သင်း၊ တောအုပ်တွေကြားက မသွားရဲကြတော့ဘဲ ဒဏ်ရာရ၊ သေဆုံးသူတွေကို မိုင်းထောင်နိုင်ချေမရှိတဲ့ စပါးစိုက်ခင်းတွေအလယ်ကနေ တွဲခေါ်ပြီး ဖြတ်သွားလို့ စပါးခင်း ပျက်စီးခဲ့ပါတယ်။
အဲဒီနောက် ဆက်ချီတက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ညနေလေးနာရီခွဲ့ခန့်အချိန် ပုလဲမြို့နယ် ကန့်ဒေါင့်ရွာအရှေ့ဘက် သရက်ကန်လမ်းခွဲအနီးအရောက် ပုလဲ PDF တပ်ရင်း ၂ ဆရာဇော်ဂျီရဲ့ တပ်စုက ပဒေသာမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်ရှိခဲ့ပါတယ်။
သုံးကြိမ် မိုင်းဆွဲတိုက်လိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူများပေမယ့် အရေအတွက်ကို အတည်မပြုသေးဘဲ စစ်တပ်က လက်နက်ကြီးငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ပုလဲ PDF ရဲဘော်တစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။