
စစ်ကိုင်း၊ ဝမ်းဘဲချိုင့်ကျေးရွာမှ ခြေလျင်ထွက်ခွာလာသော စစ်ကောင်စီတပ်သား ဦးရေ ၇၀ ကျော်ကို ပုလဲ-ဂန့်ဂေါလမ်းမပေါ် နဂါးမတောင်အနောက်ဘက်တွင် မိုင်း ၁၀လုံးခွဲတိုက်ခိုက်ခဲ့သည်ဟု Pale PDF Headquarters အဖွဲ့မှ တာ၀န်ရှိသူက ပြောသည်။
အဆိုပါလမ်းပေါ်တွင် တပ်ဖြန့်သွားလာနေသည့် စစ်ကောင်စီ ခြေလျင်တပ်ကို နိုဝင်ဘာလ ၁၀ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပြင်းထန်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ၎င်းကဆိုသည်။
“အရင်နေ့က ဝမ်းဘဲချိုင့်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်က နဂါးမတောင်အနောက်ဘက်ကို ထွက်လာတဲ့အချိန်ပေါ့။ သူတို့ကတပ်ဖြန့်ပြီးထွက်လာတာ၊ဘာလို့လဲဆိုတော့ အရင်ရက်က သူတို့ အုပ်လိုက်ကြီး မိုင်းဆွဲခံလိုက်ရတယ်လေ။ သူတို့က အတန်းလိုက်ကြီး လျှောက်လာကြတာ အဲဒီအချိန်မှာ မိုင်းကွင်းထဲကိုဝင်တော့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်အဖွဲ့ဝင် ပုံတောင်တိုက်အဖွဲ့ လက်ခွဲ(၁)က မိုင်း၁၀လုံးခွဲပီးတိုက်ခိုက်ခဲ့တယ်။ ၂၅ယောက်လောက်က ဆိုးရွားစွာ ဒဏ်ရာရရှိသွားတယ်”ဟု Pale PDF Headquarters အဖွဲ့မှ တာ၀န်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း Pale PDF Headquarters တပ်ဖွဲ့၀င်များက အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“သူတို့က မိုင်းကွဲသံကြားလို့ ဆင်းရှာကြတာ၊ မိုင်းသံက ကြိုးချင်းငြိပြီးကွဲသွားတာ၊ အဲဒါကို အဲဒီကောင်တွေကကြားပီးဆင်းရှာတာ၊ သူတို့ဆင်းလာတော့ သတ်ကွင်းထဲ ရောက်တဲ့အချိန်မှာ ဆွဲလိုက်တာ” ဟု Pale PDF Headquarters အဖွဲ့မှ တာ၀န်ရှိသူကပြောသည်။