
ယနေ့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ နေရာ ၂ ခုတွင် စစ်ကောင်စီတပ်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅၁ ဦး သေဆုံးကြောင်း ဒေသခံ ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်နှင့် ၄ နာရီတို့တွင် စစ်ကိုင်းတိုင်း၊ ကလေး-ဂန့်ဂေါဘက်မှ ချီတက်လာသော အင်အား ၅၀ ခန့် စစ်ကောင်စီစစ်ကြောင်းကို ပုလဲမြို့နယ်၊ အင်တောပြန့်ကျေးရွာနှင့် ၅၉ မိုင်ကြား ကျွန်းချောင်းတံတားရှေ့တွင် အင်အား ၅၀ ခန့်ဖြင့် ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ဗိုလ်နဂါးဦးဆောင်သည့် ပုလဲ PDF တပ်ရင်း ၅၊ ရဲဘော်မောင်ဝေ ဦးဆောင်သည့် ပျောက်ကြားအဖွဲ့တို့မှ ၂ ကြိမ် မိုင်းဆွဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံးကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပထမအကြိမ် မိုင်း ၇ လုံးဖြင့် တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သား ၇ ဦး နေရာတွင် သေဆုံးသွားကြောင်း၊ အဆိုပါ သေဆုံးဒဏ်ရာရသူများအား လာရောက်သယ်ယူသည့် စစ်ကောင်စီအဖွဲ့သည် အနီးဝန်းကျင်သို့ သေနတ်များပစ်ဖောက်ကာ ထပ်မံလာရောက်စဉ် မိုင်း ၁၀ လုံး၊ စိန်ပြောင်းဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေနတ်သံများ လုံးဝ တိတ်ဆိတ်သွားပြီး စစ်ကောင်စီတပ်သား ၂၃ ဦးထက်မနည်း သေဆုံးကြောင်း PPDF က သတင်းထုတ်ပြန်သည်။
အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်း ခင်အေး -ပုလဲ လမ်းမကြီးပေါ် ၊ နတ်ထိပ်(ပုံတောင်) ဘက်မှဆင်းလာသော စစ်အင်အား ၈၀ ခန့်ကို ကျောက်ဖြူတောင်ကွေ့တွင် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) တပ်ရင်း(၂) နှင့် Pale PDF-Headquarters အဖွဲ့ တို့က ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့ကြရာ စစ်သား ၂၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း PRA မှ ဗိုလ်ဂျပန်က ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်သည် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ စတင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ မိနစ်၄၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း PRA သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ- PRA တပ်ဖွဲ့ဝင်များ။