
ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့မှ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထဲက နုတ်ထွက်သူဦးရေဟာထက်ဝက်ကျော်ရှိလာပြီဖြစ်ကြောင်း နုတ်ထွက်ထားတဲ့အုပ်ချုပ်ရေးမှူးဟောင်းတွေကပြောပါတယ်။
မြို့နယ်အတွင်းမှာ ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စုရှိပြီး အဲဒီအထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၂၃ ဦးဟာ အုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်မြို့ပေါ် ၁၂ ရပ်ကွက်ကအုပ်ချုပ်ရေးမှူးတွေကတော့ နုတ်ထွက်သူမရှိသေးကြောင်း သိရပါတယ်။
“အခု ၂၃ ဦးစာရင်းက ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးစာရင်းပါ မြို့ပေါ် ၁၂ ရပ်ကွက်ကတော့ တယောက်မှ ထွက်တယ်မကြားမိဘူး” လို့ နုတ်ထွက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းတဦးက ပြောပါတယ်။
ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့လတွေကကြို့ကုန်းအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ဇီးပင်လှအုပ်ချုပ်ရေးမှူး တို့ပစ်သတ်ခံခဲ့ရသလို အုပ်ချုပ်ရေးမှူးအချို့ဟာလည်း သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် အခုလိုအုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက်ထွက်ကုန်ကြတာဖြစ်ကြောင်း သိရပါတယ်။