
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေအနေနဲ့ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံမယ်ဆိုရင် ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တပ်မတော်သားတွေ ပြည်သူ့ရင်ခွင် ခိုလှုံမယ်ဆိုရင် လက်နက်အမျိုးအစားအပေါ်မူတည်ပြီး ဆုကြေးချီးမြှင့်သွားမယ့်အပြင် လွတ်မြောက်နယ်မြေကိုလည်း ဘေးအန္တရာယ်ကင်းစွာနဲ့ ချိတ်ဆက် ပို့ဆောင်ပေးသွားမယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ရင်ခွင့် ခိုလှုံမယ့် တပ်မတော်သားတွေအနေနဲ့ လက်နက်ငယ် ၁ လက် ပါလာရင် ကျပ်သိန်း ၃၀၊ လက်နက်ကြီး(RPG, ၄၀ မမနဲ့ ၆၀ မမ) ၁ လက်ပါရင် ကျပ်သိန်း ၅၀၊ ကျည်ဘောက် ၁ ခု ကျပ် ၅ သောင်း၊ လက်နက်ငယ် ကျည်ဆံတစ်တောင့် ကျပ် ၅၀၀ ၊ လက်နက်ကြီး ကျည်ဆံ ၁ ခု ကျပ် ၅၀၀၀၀ ၊ လက်ပစ်ဗုံးသီး ၁ လုံး ကျပ် ၁၀၀၀၀ ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒီကြေညာချက် ထုတ်ပြန်ရတာဟာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်မတော် အများစု လက်နက်မပါတာကြောင့် နောက်ပိုင်းမှာ လက်နက်ပါ ယူဆောင်ပေးဖို့ တိုက်တွန်းဖိတ်ခေါ်ရတာ ဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တာဝန်ခံက ပြောပါတယ်။
ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ ပြည်သူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီလက်ပါးစေအဖြစ် ဆက်လက်မလုပ်ကိုင်ဘဲ ပြည်သူ့ရင်ခွင် ခိုလှုံလိုရင် KRF နဲ့ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဌာနဆိုင်ရာတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်မှု အကြိမ် ၁၀၀ ထက်မနည်း လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။