
ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် အစပ်၊ ဖယ်ခုံမြို့တွင် စစ်ဘေးရှောင်များကို အကူအညီပေးနေသူ ဦးညီခင်အပါအဝင် လူငယ်များကို စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားပြီး ဦးညီခင်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖယ်ခုံမြို့မှ စစ်ဘေးရှောင် ကူညီနေသူ ဦးညီကို စစ်တပ်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးပြီး ဖယ်ခုံ စကခ ၇ တွင် စစ်ကြောရေး လုပ်ဆောင်ကြောင်း၊ စစ်ကြောရေးတွင် ဦးညီခင်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သေဆုံးသွားကြောင်း ၊ ဦးညီခင်နှင့်အတူ ဖမ်းဆီးခံရသော လူငယ်များမှာလည်း စစ်ကြောရေးတွင် ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ခံနေရပြီး လူငယ်တစ်ဦးကို စစ်ဘေးရှောင် စခန်း တည်နေရာကို မပြောသည့်အတွက် နားရွက်ဖြတ်၍ နှိပ်စက်ကြောင်း ဖယ်ခုံသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျွဲကောကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး မီးရှို့သွားကြောင်း ဒေသသတင်းရင်းမြစ် ထီးချိုင့် TR က ပြောဆိုသည်။
“နိုဝင်ဘာလ ၁၄ ရက်နေ့ ကျွဲကောမှာ နှစ်ယောက်ပစ်သတ်ခံရရာ တစ်ယောက်ကိုပစ်သတ်ပြီး တဲပေါ်မီးတင်ရှို့ကာ နောက်တစ်ယောက်ကို ကျွဲကော စာသင် ကျောင်းကနေ ရွာဦး ခေါ်သွားပြီး ပစ်သတ်မီးရှို့သွားပါတယ်” ဟု ထီးချိုင့် TR က ဆိုသည်။
ဓာတ်ပုံ- စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်သော ဖယ်ခုံ စစ်ဘေးရှောင်ကူညီပေးနေသူ ဦးညီခင်။