
နိုဝင်ဘာလ ၉ ရက် ညပိုင်းတွင် ရှမ်း-ကယားအစပ်၊ ဖယ်ခုံမြို့တွင် အခြေစိုက်ထားသော အကြမ်းဖက် စစ်ကောင်စီ အမြှောက်တပ်က ဖယ်ခုံမြို့လယ်သို့ လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်ခဲ့ပြီး ဖယ်ခုံမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်းအတွင်း လက်နက်ကြီးကျည်များ ကျရောက်ကာ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖယ်ခုံမြို့ရှိ ပြည်သူ့ဆေးရုံတွင်လည်း လက်နက်ကြီးကျည်ထိမှန်ပြီး မီးလောင်ပျက်စီးမှုများရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရွှေနှလုံးတော်ခရစ်ယာန်ဘုရားကျောင်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၂၃ ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သေးသည်။
ယမန်နေ့ညတွင် ဖယ်ခုံမြို့ပေါ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကျယ်လောင်စွာ ကြားရပြီး ကရင်နီပူပေါင်းတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ခြင်းလော၊ အကြမ်းဖက်စစ်ကောင်စီက တဖက်သတ်ပစ်ခတ်ခြင်းလော အတည်မပြုနိုင်သေးပေ။
ဖယ်ခုံမြို့၏ အနောက်ဘက်တွင် မိုးဗြဲအင်းရှိပြီး အရှေ့ဘက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၇၊ ခမရ ၃၃၆၊ ခလရ ၄၂၁၊ အမြှောက်တပ်၊ ဆက်သွယ်ရေးတပ်၊ စစ်မြေပြင်မိုင်းရှင်းလင်းရေးတပ်များ အခြေစိုက်ထားသည်။
နိုဝင်ဘာလ ၉ ရက် ညတွင် ဖယ်ခုံမြို့တောင်ဘက်ရှိ မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်လို့ မိုးဗြဲရှိနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအချို့သည် ညတွင်းချင်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
