
ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်၊ ခွေးသေကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များက ၂ ကြိမ်တိုင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုစာရင်း မသိရှိရသေးကြောင်း KNU မူတြော်သတင်းစဉ်က ယနေ့ ထုတ်ပြန်သည်။
ဖာပွန်ခရိုင်၊ ခွေးသေကျေးရွာနှင့် ၂၁ မိုင်ကြားတွင် စစ်ကောင်စီတပ်ကို ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်၌ တစ်ကြိမ်၊ ခွေးသေရွာအပြင် ကားလမ်းပေါ်တွင် တစ်ကြိမ် KNLA က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းနှင့် KNLA တပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မူတြော်သတင်းစဉ်ထံမှ သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် ညနေတွင်လည်း ခွေးသေနှင့် ၂၁ မိုင်ကြားတွင် တစ်ကြိမ်၊ ဃော်ကလား (အုန်းတော) တွင်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း KNLA တပ်မှူးတစ်ဦးက ပြောသည်။