
နိုဝင်ဘာလ ၂၇ ရက် ယမန်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်၊ မာထောကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာယီတပ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး ယနေ့အထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းထံမှ သိရှိရသည်။
“စခန်းတွေက ဖာပွန်-ကမမောင်း ကားလမ်းဘေး မာထောရွာနားမှာပေါ့။ ဒီနေရာက ဖာပွန်-ကမမောင်းလမ်းက စစ်ကောင်စီအတွက်ရော KNU အတွက်ရော ဆက်သွယ်ရေးလမ်းကြောင်းပေါ့၊ သူတို့ဘက်ကလည်း သူတို့ရဲ့ တပ်စခန်းတွေရှိတယ်။ ဖာပွန်ဘက်မှာလည်း တပ်ရင်း ၃ ရင်းလောက် အခြေစိုက်ထားတယ်၊ အားလုံးပေါင်း ၄ ရင်းလောက်ရှိတယ်။ မနေ့က တိုက်ပွဲဖြစ်တာတော့ ခမရ ၄၀၇ နဲ့ပေါ့။ သူတို့က ယာယီစခန်းတွေ ချထားတာ ၃ ခု ၄ ခု ရှိတယ်၊ အခိုင်အမာ ဆောက်လုပ်ထားတဲ့နေရာတွေဖြစ်တယ်။အဲဒီမှာ ကျနော်တို့က ဝင်တိုက်ပြီး နေရာဝင်ယူလိုက်တာပေါ့။ ဒီနေရာက KNU တပ်မဟာ ၅ အုပ်ချုပ်မှုနယ်မြေလေ၊ ဒီနေ့လည်း ပစ်ခတ်မှုတွေ ရှိနေတယ်၊ နှစ်ဖက်အကျအဆုံးတော့ မသိရသေးဘူး” ဟု ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောဆိုသည်။
ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသလို အချို့မှာ ထွက်ပြေးသွားကြောင်းနှင့် KNLA တပ်သား ၁ ဦး ကျဆုံးကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် သထုံ-ဘားအံလမ်း၊ ဝါးပိုးတော လမ်းခွဲမှတဆင့် ကမမောင်း၊ ဖာပွန်ဘက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ နေ့စဉ်နီးပါး သယ်ယူနေပြီး KNLA က မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်နေပြီး အဆိုပါ လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁ လ ကျော်ကြာမြင့်နေပြီ ဖြစ်သည်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် အနီးရှိ စစ်ကောင်စီ ရှေ့တန်းစခန်းများမှ စစ်ကောင်စီတပ်သားများ အနီးအနား ကျေးရွာများတွင် စားသောက်ကုန်အချို့ဝယ်ယူခြင်းကို KNU က ခွင့်ပြုထားကြောင်းနှင့် စစ်ဆင်ရေးအတွက် လက်နက်၊ ရိက္ခာများ တင်ပို့နေမှုကိုတော့ လုံးဝလက်မခံဘဲ ဖြတ်တောက်သွားမယ်ဟု ပဒိုမန်းမန်းထံမှ သိရှိရသည်။