
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ်ဂျန်ကျေးရွာအနီးရှိ အောင်လျန် (Awng Len)၊ ဆိုင်းဂျာ (Seng Ja)၊ ဂါခရန် (Ga Hkyeng) နေရာများရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီး ယနေ့နံနက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) နယ်မြေအတွင်းရှိ အဆိုပါ စစ်ကောင်စီခန်းများကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကချင်ဒေသ) PDF (Kachin Region) တို့ ပူးပေါင်းပြီး ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စခန်းများသည် KIA စခန်းဟောင်းနေရာများဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်သိမ်းယူထားကာ လက်ရှိတွင် တပ်မ ၃၃ လက်အောက်ခံ၊ ခမရ ၁၁၁ တပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင် အခြေစိုက်ကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။
“ဒီမနက် ဖားကန့်မြို့ပေါ်မှာရှိတဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်သံတွေ တောက်လျှောက်ကြားနေရတယ်။ ကျနော်တို့ သပိတ်တွေ ထွက်နေရင်း အကုန် အိမ်ပြန်ပြေးရတယ်။ တောက်လျှောက်ကို လက်နက်ကြီးတွေနဲ့ ဆော်နေတာ။ မနေ့ညနေကတည်းက သေနတ်သံတွေ အဆက်မပြတ်ပဲ” ဟု ဖားကန်မြို့ခံတစ်ဦးကပြောဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ အကျအဆုံးစာရင်းကို အသေးစိတ် မသိရှိနိုင်သေးသလို KIA ကလည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဓါတ်ပုံ – KIA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)