
ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ ဧရာဝတီတိုင်း၊ဖျာပုံမြို့တွင် ဒလန်ဟုနာမည်ထွက်နေသူ စစ်သားဟောင်း ကိုလူမင်းကို လူတစ်စုက သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ဒေသခံများထံကသိရသည်။
အသက် ၅၀ ကျော်အရွယ် ကိုလူမင်းသည် ၎င်း၏နေအိမ်မှ (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့သွားရာလမ်းတွင် သေနတ်ဖြင့် နှစ်ချက်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဖျာပုံဒေသခံတစ်ဦးကပြောသည်။
“သူ့ကြောင့်အဖမ်းခံရတာတွေလည်းမနည်းဘူး၊ စစ်သားတွေနဲ့ရဲတွေ ဧည့်စာရင်းလိုက်စစ်ရင်လည်းသူအမြဲပါတယ်။ ဒီနေ့ညနေတော့ အုပ်ချုပ်ရေးမှူးရုံးကိုသွားတဲ့အချိန် ဆိုင်ကယ်မောင်းနေရင်း အပစ်ခံလိုက်ရတာ ဆိုင်ကယ်ဦးထုပ်တောင် ပေါက်ထွက်တယ်၊ခေါင်းကိုချည်းပဲ နှစ်ချက်ပစ်သွားတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး မိနစ်အနည်းငယ်တွင် ဖျာပုံမြို့ အမှတ် ၁၅ ရပ်ကွက်အတွင်း စစ်အုပ်စုနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။