
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ စစ်ရေးလှုပ်ရှားရာ ဘားအံမြို့နယ်အတွင်း ဝင်ရောက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသော ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယဉ်တန်းကို ယနေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ပြီး Vigo အမျိုးအစား ကား ၃ စီးပျက်စီးသွားကာ BGF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း KNU တပ်မဟာ ၁ ဒူးသထူ (သထုံ) ခရိုင်က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် အဆိုပါ BGF တပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ခဲ့ပြီး ၁၅ ရက်နေ့ KNLA နှင့် BGF တပ်ရင်း ၁၀၁၄ တိုက်ပွဲတွင် BGF ဘက်မှ ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၁ ထံက သိရှိရသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံတွင် ဝင်ရောက်တပ်စွဲထားကြောင်း၊ ဆေးဝါးပစ္စည်းများနှင့် လူနာအသုံးအဆောင်ပစ္စည်းများကို အဓမ္မသိမ်းယူထားကြောင်း၊ ဆေးရုံရှိ ပြတင်းပေါက် မှန်တံခါးများနှင့် ဆေးရုံဝန်းအတွင်းရှိ ဆိုင်ကယ် ၁ စီးကို ဖျက်ဆီးထားကြောင်း၊ ဆေးရုံအတွင်းသို့ ရွာသားများဝင်ရောက်ပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒူးသထူခရိုင် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိအချိန်တွင် ဖလံတောင်ဆေးရုံရှိ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံရွာသားများကို အဓမ္မခေါ်ယူကာ ပေါ်တာဆွဲခိုင်းစေမှုများနှင့် ၎င်းတို့တပ်စခန်းချရာ နေရာများသို့ညအိပ်ညနေ ခေါ်ယူကာ လူသားဒိုင်းအဖြစ် အသုံးချလျှက်ရှိကြောင်း KNU တပ်မဟာ ၁ သတင်းတွင်ဖော်ပြသည်။
ဓါတ်ပုံ – BGF တပ်ဖွဲ့ဝင်များ