
ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းတစ်ခု ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက KNLA တပ်ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ယနေ့ မနက်ပိုင်း ၅ နာရီကျော်ခန့်မှာ ကြသောင်းဆိပ်ကျေးရွာရှိ အမှတ်(၁၀၁၄) BGF တပ်စခန်းကို KNLA တပ်မ(၁)လက်အောက်ခံ KNDO တပ်ရင်းကနေ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အဲဒီနယ်မြေကတော့ KNDO တပ်ရင်း(၂)နယ်မြေဖြစ်တယ်။ ဒီမနက်မှာ BGF တပ်စခန်းကို သွားတိုက်တယ်လို့ သိရတယ်။ ကျန်တဲ့မြေပြင်အခြေနေကိုတော့ အသေးစိတ်မသိရသေးဘူး။ မြေပြင်နဲ့ဆက်သွယ်နေဆဲ အခြေနေဘဲရှိသေးတယ်”လို့ KNLA တပ်မဟာ(၁)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ လက်နက်ကြီး လက်နက်ငယ်များနဲ့ နှစ်ဖက်အပြန်လှန်ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။တိုက်ပွဲအခြေနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လတ်တလောအခြေနေမှာ တိုက်ပွဲနဲ့ဝေးရာနေရာတွေကို တိမ်းရှောင်နေရပြီး အချို့ကတော့ နေအိမ် ဗုံးခိုကျင်းတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။
ကြသောင်းဆိပ်ကျေးရွာ BGF တပ်စခန်းမှာ ကျေးရွာဘုန်တော်ကြီးကျောင်းအတွင်းရှိနေပြီး အနီးအနားဝန်းကျင်မှာ ဒေသခံတွေရဲ့ နေအိမ်တွေရှိနေတာဖြစ်ပါတယ်။