
နိုဝင်ဘာ ၁ ရက်က မကွေးတိုင်းအတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိုင်တဲလ်တာဝါတိုင်တွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေ အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေထံက သိရပါတယ်။
ပခုက္ကူမြို့မှာ ဒီမနက်ပိုင်း PPDF တပ်ဖွဲ့က ဗုံးအတုချပြီးတော့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိသွားတယ်လို့ PPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒီကနေ့မနက် ၆ နာရီလောက်က PPDF တပ်ဖွဲ့က ဗုံးအတု ချထားပြီး ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ လာရောက်စစ်ဆေးတဲ့အချိန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ကင်မွန်းထောင့်ကျေးရွာက ဒလန်တစ်ယောက်အိမ်ကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်သတိပေးခဲ့သလို ဒလန်ဆက်လုပ်နေပါက ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တပ်ကုန်းကျေးရွာမှာလည်း စစ်ကောင်စီခန့်ပ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ဦး ဒီ မနက် ၉ နာရီလောက် ပစ်သတ်ခံခဲ့ရပါတယ်။
ဒေသခံတဦးက ”သူ့ရဲ့ တပ်ကုန်းရွာထဲက အိမ်မှာပဲ ပစ်သတ်ခံရတာ။ သေနတ်သံတွေ ဆူညံသွားတာပဲ။ အလောင်းကတော့ အိမ်နောက်ဖေးမှာတွေ့တယ်။ ဘယ်သူတွေ လာပစ်သွားတာ လည်းတော့ မမြင်လိုက်ကြရဘူး” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာလို့ အဖွဲ့တာဝန်ခံက အတည်ပြုပါတယ်။
မကွေးတိုင်းအတွင်း ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရုံးဌာနတွေနဲ့ သူတို့နဲ့ ဆက်နွှယ်တဲ့နေရာတွေကို မသွားကြဖို့နဲ့ ကားသမားတွေအနေနဲ့လည်း မိုးကာအုပ်ပြီးတော့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ PDF အဖွဲ့တွေက သတိပေးထားပါတယ်။
ရှေ့ဆက်ပြီးတော့လည်း ပြည်သူလူထုကိုမထိခိုက်ဘဲ စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ဖြိုဖျက်ပြီး ရရာနည်းလမ်းနဲ့ အမြစ်ပြတ် တော်လှန်တိုက်ထုတ်သွားကြမယ်လို့ ဆိုပါတယ်။