
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မတရားဖမ်းဆီးခြင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအား အကူအညီပေးနေသည့် “ထောင်ဝင်စာ ပို့ကြမယ်”အဖွဲ့၏ အလှူငွေလက်ခံသည့် ဘဏ်အကောင့်များအားလုံးကို စစ်ကောင်စီလက်ပါးစေများက ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
“ထောင်ဝင်စာ ပို့ကြမယ်” အဖွဲ့ဝင်အချို့၏ ငွေကြေးအကောင့်များကို ယခုနှစ် သြဂုတ်လမှ စတင်၍ စစ်ကောင်စီဘက်က ရှာဖွေပိတ်ဆို့ခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်တွင်မူ ကူညီပေးနေသူအားလုံး၏ ငွေကြေးအကောင့်များအားလုံးပိတ်ခံရခြင်းဖြစ်သည်။
“ထောင်ဝင်စာ ပို့ကြမယ် ရဲ့ အလှူငွေလက်ခံတဲ့ bank acc တွေ အကုန်လုံး freeze ခံလိုက်ရပါတယ်။ Bank acc ရှိသမျှအကုန် တစ်ချိန်ထဲ လိုလိုမှာ freeze ခံရတာဖြစ်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိကို လုပ်ဆောင်ခံရတာဖြစ်မယ်လို့ ကောက်ချက်ချထားပါတယ်။လတ်တလော အလှူငွေလက်ခံတာတွေကို ခဏရပ်ထားပါမယ်။ မကြာခင်မှာ နောက်ထပ်အသိပေးချက်တွေကို ကြေညာပေးပါ့မယ်” ဟု ၎င်းအဖွဲ့ အသိပေးထားသည်။
“ထောင်ဝင်စာ ပို့ကြမယ်” အစီအစဉ်သည် စတင်ချိန်က ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ရှိသော နွေဦးသူရဲကောင်းများအတွက်ကိုသာ ထောင်ဝင်စာ ကူညီထောက်ပံ့ ပို့ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မန္တလေး အိုးဘိုထောင်၊ ပဲခူးထောင်၊ သာယာဝတီထောင်၊ တောင်ငူထောင် တို့ရှိ နွေဦးသူရဲကောင်းများ အတွက်ပါ တာဝန်ယူကာ ထောင်ဝင်စာများ ထောက်ပံ့ ကူညီမှုများပေးနေသည့် အဖွဲ့ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ပြည်တွင်းပြည်ပ ငွေကြေးစီးဆင်းမှုမှန်သမျှကို ချုပ်ကိုင်ထားပြီး တက်ကြွ လှုပ်ရှားသူများ၏ ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်း၊ ပြည်သူများအသုံးပြုနေသည့် ဘဏ်အကောင့်များကိုလည်း စောင့်ကြည့်ခြင်းများ ပြုလုပ်လျှက်ရှိနေသည်။