
မကွေးတိုင်းထဲက မြို့နယ်အများစုမှာ မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ စျေးဆိုင်တွေ မဖြစ်မနေဖွင့်ကြဖို့ အင်္ကျီအနက် Mask အနက်ရောင်တွေ မဝတ်ဆင်ဖို့ စစ်အုပ်စုက ခြိမ်းခြောက်ဖိအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ Silence Strike ပြုလုပ်မဲ့နေ့ဖြစ်ပြီး မနက် ၁၀နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ဖို့ ၊ စျေးဆိုင်တွေ မဖွင့်ဖို့နဲ့ အိမ်မှာပဲ အနက်ရောင်များဝတ်ဆင်ပြီး အကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း ပြသကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတဲ့ နေ့လည်း ဖြစ်ပါတယ်။
“ဒီနေ့ အစည်းအဝေးခေါ်တယ် စျေးဆိုင်တွေ မဖြစ်မနေ မနက်ဖြန်ဖွင့်ရမယ် မဖွင့်ရင် ဆိုင်ပိတ်သိမ်းမယ်ဆိုတာမျိုး ခြိမ်းခြောက်တယ်၊ နီးစပ်ရာ သူတို့လူတွေကနေလည်း အင်္ကျီအနက် Mask အနက်မတပ်ဖို့ တပ်ရင်ဖမ်းမယ်ဆိုတာမျိုးနဲ့ အသံတွေလွှင့်နေတယ်”လို့ မကွေးမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒ့ါအပြင် အကြမ်းဖက်စစ်အုပ်စုက မနက်ဖြန်မှာ ဆင်နွှဲမဲ့ Silent Strike မအောင်မြင်စေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စာထုတ်ကန့်ကွက်သလို သတင်းအမှားတွေနဲ့ စာအတုတွေကို ဖြန့်ဝေနေတယ်လို့ အွန်လိုင်းသုံးစွဲသူတွေကြားမှာ ပြောဆိုနေကြပါတယ်။