
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီ ဝန်ထမ်းများအား CDM လုပ်ဆောင်ကြရန် မြို့တော်ဝန် ဒေါက်တာရဲလွင်က စည်းရုံးခဲ့ခြင်း မရှိကြောင်း ဒေါက်တာရဲလွင်ဘက်က တင်ပြသည့် သက်သေက ယနေ့ရုံးချိန်း၌ ထွက်ဆိုခဲ့ကြောင်း ရှေ့နေအဖွဲ့က သိရသည်။
” ဝန်ထမ်းတစ်ဦး သက်သေအဖြစ် လာအစစ်ခံတယ်။သူက ဦးရဲလွင်ဟာ ဝန်ထမ်းတွေကို CDM လုပ်ဖို့၊သပိတ်မှောက်ဖို့ တိုက်တွန်းတာ၊ နှိုးဆော်တာမရှိပါဘူးလို့ ရုံးတော်မှာ ထွက်ဆိုသွားတယ် ” ဟု ရှေ့နေအဖွဲ့က ဆိုသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ (၁)ရက် နံနက်ပိုင်းက ခေတ္တထိန်းသိမ်းခံခဲ့ရပြီး နေ့ချင်း ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထို့နောက် ရုံးတက်ကာ စည်ပင်သာယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၅)ရက်တွင် မန္တလေးမြို့တော်ဝန် ရာထူးကို စွန့်လွှတ်ခဲ့သည်။
ဖေဖေါ်ဝါရီ (၈)ရက်တွင် ” ပြည်သူနဲ့ အတူပါ ” ဟူသော စာသားနှင့်အတူ CDM ကိုထောက်ခံကြောင်း လက်သုံးချောင်းထောင်ကာ ဖေ့စ်ဘွတ်ခ်ပရိုဖိုင် ပြောင်းလဲခဲ့ပြီးနောက် ယင်း ဖေဖော်ဝါရီလ (၈)ရက်ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဒေါက်တာရဲလွင်အား နိုင်ငံတော်အကြည်ညို ပျက်စေမှု ခေါ် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက တရားလိုလုပ်ကာအောင်မြေသာစံမြို့နယ် တရားရုံးတွင် အမှုဖွင့်တရားစွဲထားပြီး လက်ရှိတွင် ထောင်တွင်းတရားရုံး၌ စစ်ဆေးလျှက် ရှိသည်။