
ယနေ့ နံနက်(၇)နာရီကျော်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် နေထိုင်သည့် စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး၊ သတင်းပေးဒလန်ဆိုသူ အမျိုးသားတစ်ဦး လမ်းပေါ်တွင် သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
“ခေါင်းအပစ်ခံရတာတဲ့။ သေနတ်သံ ကြားရတာ လေးငါးချက်လောက်၊ မနက် ရနာရီခွဲလောက်က အပစ်ခံရတာ” ဟု စိန်ပန်းရပ်ကွက် ဒေသခံတစ်ဦးက သတင်းပေးပို့သည်။
အဆိုပါ ပစ်ခတ်ခံရသူသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ ရွာလည်ရပ်ကွက် အနာက်ခြမ်း အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဆိုသူ ဖြစ်ကြောင်း၊ ၄င်းသည် ယနေ့ မနက်ပိုင်း မန္တလေးမြို့ စိန်ပန်းရပ် ၉၁ လမ်း ၊ ၃၉ လမ်း နှင့် လမ်း ၄ဝကြားတွင် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
“သူက စိန်ပန်းမှာ ဒလန်အကြီးစားပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။အဆိုပါ ပစ်ခတ်မှုကြောင့် အသက်သေ၊မသေ နှင့် နောက်ဆုံး အခြေအနေ မသိရသေးပါ။
လတ်တလောတွင် စစ်ကောင်စီ လက်နက်ကိုင်များ ရပ်ကွက်အတွင်း ဝင်ရောက်လာခြင်း မရှိသေးဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၄)ရက်ကလည်း စိန်ပန်းရပ်ကွက်နှင့် ကပ်လျက်ရှိသော သံလျက်မှော်အနောက်ရပ်ကွက် ယာယီဥက္ကဌ ဖြစ်သူ ဦးမျိုးနိုင်ဆိုသူ နေအိမ်ရှေ့တွင်ပင် သေနတ်ဖြင့် ငါးချက်ခန့် ပတ်ခတ်ခံရကာ သေဆုံးခဲ့သေးသည်။
မန္တလေးမြို့၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီကို သတင်းပေးနေသည့် ဒလန်များ မကြာခန လုပ်ကြံသတ်ဖြတ်ခံနေရသည်။
တချိန်တည်းမှာပင် စစ်ကောင်စီကလည်း မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအား သေနတ် သုံးလက်စီ ထုတ်ပေးထားကြောင်း သတင်းရရှိသည်။