
ယနေ့ နိုဝင်ဘာ(၅)ရက် နေ့လည်ပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး ရထားလမ်း သံလမ်းကူး တံတားတစ်စင်း မိုင်းဖောက်ခွဲခံရကြောင်း ဒေသခံများက ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက် တံခွန်တိုင်ဘူတာတောင်ဘက်ရှိ ရန်ကုန်-မန္တလေး ရထားသံလမ်း ပန်းရံတော်ချောင်းကူးတံတားတွင် ယနေ့ နေ့လည် (၂)နာရီခန့်က လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကွန်ကရစ်ဇလီဖာတုံးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ရထားသွားလာချိန် မဟုတ်သဖြင့် ရထားတွဲနှင့် လူသူထိခိုက်မှု မရှိဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်နှင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး ရထားလမ်းနှင့် မန္တလေး – ပြင်ဦးလွင် ရထားလမ်းများတွင် ပေါက်ကွဲမှု သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သေးသည်။
လက်ရှိတွင် ရန်ကုန် – မန္တလေး ရထားလမ်းနှင့် မန္တလေး- ပြင်ဦးလွင် -လားရှိုး ရထားလမ်းများ၌ အများပြည်သူ စီးနင်းလိုက်ပါသည့် ရထားများ ခုတ်မောင်းပြေးဆွဲနိုင်ခြင်း မရှိပေ။
အာဏာသိမ်း စစ်ကောင်စီသည် ရန်ကုန် – မန္တလေး ရထားလမ်း အပါအဝင် ရထားလမ်းများကို စစ်လက်နက်ရိက္ခာ သယ်ယူခြင်းကဲ့သို့ စစ်ရေးအတွက် အသုံးပြုနေသည့်အတွက် ရထားလမ်းအချို့ကို ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
(ပုံဟောင်း) အောက်တိုဘာလဆန်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရထားလမ်း သံလမ်းကူးတံတား ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ်