
ယနေ့ နိုဝင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် ၊ ပြည်ကြီးကျက်သရေ ရပ်ကွက်၊ ၂၄ လမ်းနှင့် ၈၃ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း အနီးအနား နေထိုင်သည့် ဒေသခံတစ်ဦးက အတည်ပြုသည်။
“ကြားရတာတော့ အကျယ်ကြီးပဲ။ တော်တော်ကျယ်ပါတယ်။ ပြီးတော့ စစ်သားတစ်ယောက်က သေနတ်နဲ့ လိုက်ပစ်ပါတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတစ်ချို့က သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိုနေရာ အနီးတစ်ဝိုက် လမ်းများကိုလည်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသော မန္တလေးမြို့တွင် စစ်ကောင်စီတပ်သားများက လုံခြုံရေးတင်းကျပ်ထားသော်လည်း လူထုလမ်းလျှောက်ဆန္ဒပြပွဲများ နေစဉ်နှင့်အမျှ ရှိနေဆဲဖြစ်သည်။