
ယနေ့ မနက်(၁၁)နာရီခန့်က မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း မြို့ဦးလွင်အနီးရှိ စစ်ကောင်စီ လက်နက်ကိုင်များ၏ ယာယီဂိတ်အတွင်း ဗုံးပစ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ လက်နက်ကိုင်များကို သွားရောက်တိုက်ခိုက်ပြီးနောက် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု မိုးကုတ် PDF က ပြောသည်။
“စကစဘက်က တစ်ဦးသေတယ်။ ကျန်တာ ထိခိုက်တော့ ရှိသေးတယ် ၊ အသေးစိတ်တော့ မသိရသေးဘူး“ ဟု မိုးကုတ် PDF က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ လက်နက်ကိုင်များ မိုးကုတ်မြို့ အဝင်အထွက်များတွင် ခြေရှုပ်နေပြီး လမ်းသွားလမ်းလာအချို့ကို စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
မိုးကုတ်မြို့၌ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေသလို စစ်ကောင်စီ လက်နက်ကိုင်များကလည်း ဒေသခံများကို ဖမ်းဆီး၊ စစ်ဆေးခြင်းများ ဆက်တိုက်လုပ်ဆောင်လျှက် ရှိသည်။
ပြီးခဲ့သည့် အောက်ဆိုဘာ(၈)ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက် အမက(၂၃)ကျောင်း အနီးတွင် အရက်ဆိုင်မှ ပြန်လာသော စစ်ကောင်စီ စစ်ကောင်စီ လက်နက်ကိုင်များကို အမည်မသိ အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင် သုံးဦး သေဆုံးခဲ့သည်။