
မန္တလေးတိုင်း မိုးကုတ်မြို့မှ စစ်သားတစ်ဦး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်လာကြောင်း မိုးကုတ်ဒေသ တော်လှန်ရေး အင်အားစုများက ပြောသည်။
မိုးကုတ်မြို့ စစ်တန်းရပ်ကွက်ရှိ မိုးကုတ်တပ်ရင်းတွင် တာဝန်ကျနေသည့် တပ်သားတစ်ဦး နိုဝင်ဘာ (၁)ရက်က CDM တွင် ပါဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ မိုးကုတ်အထိုင်တပ်မှ စစ်သားတစ်ဦး CDM တွင် ပါဝင်လာပြီးနောက် လက်ရှိတွင် မိုးကုတ်မြို့ အထိုင်တပ်အတွက် စစ်ကောင်စီက တပ်အချိန်းအပြောင်း ပြုလုပ်နေကြောင်း၊ စစ်ကားအကြီး လူအပြည့်ဖြင့် ယနေ့ မိုးကုတ်မြို့သို့ ထပ်မံရောက်ရှိလာကြောင်း မိုးကုတ်ဒေသ တော်လှန်ရေး အင်အားစုများကပြောသည်။
တချိန်တည်းမှာပင် ယမန်နေ့ နိုဝင်ဘာ(၂)ရက် နေ့လယ် (၁၂)နာရီကျော်က မိုးကုတ်မြို့ အကျဉ်းထောင်ရှေ့၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီ လက်နက်ကိုင်များ ခြေရှုပ်နေသည်ဟု သတင်းထွက်နေသော်လည်း ပေါက်ကွဲသံသည် ကားဘီးပေါက်ခြင်း ဖြစ်ကြောင်းနှင့် စစ်ကောင်စီ လက်နက်ကိုင်များ ခြေရှုပ်နေခြင်းသည် မိုးကုတ်မြို့၌ တပ်အပြောင်းအလဲ ပြုလုပ်နေသည့်အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
CDM ဝင်ရောက်လာသည့် မိုးကုတ်မြို့ အထိုင်တပ်မှ တပ်မတော်သားနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုမူ မသိရသေးပါ။
ပြီးခဲ့သည့် စက်တင်ဘာမှ အောက်တိုဘာလလယ်အထိ နိုင်ငံတဝန်းတွင် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM တွင် ပါဝင်သည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် (၈၀၀)ကျော် ရှိကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စစ်ကောင်စီကို ခုခံတော်လှန်စစ် စတင်ပြီဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ(၇)ရက်မှ အောက်တိုဘာ(၁၅)ရက်အထိ CDM ပြုလုပ်ကာ ပြည်သူရင်ခွင်သို့ ခိုလှုံလာသူ တပ်မတော်သား (၄၆၀)ဦး နှင့် ရဲတပ်ဖွဲ့ဝင် (၃၆၀)ဦး ရှိသည်ဟု NUG က ထုတ်ပြန်ထားသည်။
အဆိုပါ CDM တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် (၈၀၀)ကျော်ဆိုသည့် စာရင်းသည် ပြည်သူ့ရင်ခွင်(People’d Embrace) အဖွဲ့တစ်ခုထဲသို့ ဆက်သွယ်လာသည့် အရေအတွက်သာ ဖြစ်ပြီး အခြားသော လွတ်မြောက်နယ်မြေနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များထံ ရောက်ရှိလာသော CDM စာရင်းများ မပါဝင်သေးကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဖေါ်ပြထားသည်။
(ပုံဟောင်း) မိုးကုတ်မြို့ပေါ် လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့် စကစ လက်နက်ကိုင်များ