
မုံရွာမြို့က လုပ်ငန်းရှင်သူဌေးတချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မုံရွာအမှတ်(၁) ရဲစခန်းက ရိပ်သာဆောင်မှာ ထိန်းသိမ်းပြီး လွတ်လပ်စွာနေထိုင်ခွင့်ပေးထားတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။
မုံရွာမြို့ခံလုပ်ငန်းရှင်သူဌေးတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းကတည်း စတင်ထိန်းသိမ်းခဲ့သလို အခုရက်ပိုင်းမှာ ထိမ်းသိမ်းခံလိုက်ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့လကတည်း တစ်ချို့သူဌေးတွေ ထိန်းသိမ်းခံရတာရှိတယ်။ထိန်းသိမ်းတယ်သာ ပြောတာပါ။ ရဲစခန်းရိပ်သာမှာ အဲယားကွန်းနဲ့ ဘာနဲ့ ပြည့်ပြည့်စုံစုံ ထားတယ်လို့ ကြားတယ်။ ည၊မနက် ထမင်းပို့လို့ရတယ်။လုပ်ငန်းကိစ္စစကားပြောစရာရှိရင်လည်း သွားတွေ့လို့ရတယ်”လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။
မုံရွာမြို့ခံလုပ်ငန်းရှင်တွေကို ဘာကြောင့် အခုလို ထိန်းသိမ်းလိုက်တယ်ဆိုတာ မသိရပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကို ငွေကြေးကအစ ကူညီထောက်ပံ့မှာ စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။
“ဘာကြောင့်ဆိုတာတော့ ရေရေရာရာ မသိဘူးဗျ။အဓီကတော့ PDF တွေကို လှူကြမှာစိုးရိမ်လို့ ထင်တာပဲ။အခု ထိန်းသိမ်းခံရတယ်ဆိုတဲ့ သူဌေးတွေကလည်း စကစနဲ့ နီးစပ်သူတစ်ချို့ပါတယ်”လို့ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ယောက်ကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိဘဲ ထိန်းသိမ်းလိုက်တဲ့ မုံရွာမြို့ကလုပ်ငန်းရှင်တွေကတော့ စကစပိုင်တဲ့ ကျောက်စိမ်းတွေကို ချင်းတွင်းမြစ်ကြောင်းကနေ သယ်ယူပေးခဲ့တဲ့ မျိုး၀င်းလေး၊ဖန်တက်စီနိုင်စိုး၊ ပါဖက် (2) KTV ပိုင်ရှင်၊ ဟက်ပီး၀မ်းကုန်စုံဆိုင်ပိုင်ရှင်နဲ့ သျှိုင်းကားရေဆေးဆီလိုက် လုပ်ငန်း ပိုင်ရှင်၊ သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့သူဌေး အပါအဝင် (၁၀)ယောက်၀န်းကျင်ရှိတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ မြို့ခံတစ်ယောက်ကပြောပါတယ်။