
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အောင်ဇေယျတပ်ကုန်းတွင် တပ်ဆွဲထားသော စစ်ကောင်စီတပ်အား မတ်လ၂၉ရက် ည၁၁ နာရီ၃၀မိနစ်တွင် စိန်ပြောင်း ၁၅လက်နှင့် မိုင်းသီး ၇၅ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြောက်ကျားတပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့က တပ်ဆွဲထားသည်မှာ ကြာပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၀၀ ခန့်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပစ်မဲ့ပြည်သူများနှင့် ကလေးငယ်များအား ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပစ်ခတ်မှုပြုလုပ်သည့် ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။
“အမြဲလိုလို စစ်ဆေးမှုတွေ လုပ်တယ်။ ပြည်သူတွေဆီက မတရားသိမ်းလာတဲ့ ဖုန်းတွေကိုလည်း သုံးလုံး တစ်သိန်းနဲ့ ပြန်ရောင်းစားနေတယ်”ဟု Brother Defense Force အဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်မှုကို မသိရသေးဘဲ ယင်းလုပ်ဆောင်မှုကို UnityForceMonywaအဖွဲ့နှင့် Brother DefenseForceအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မတ်လ ၂၇ရက်ကလည်း စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံး၊ ပေ(၈၀)လမ်း စစ်ဆေးရေးဂိတ်၊ ကျောက်က္ကာလမ်းပေါ်ရှိ Mobile One ဖုန်းဆိုင်အနီးနှင့် ရန်ကင်းဆိုင်းပုတ်အနီးတို့တွင် ဖောက်ခွဲမှုများပြုလုပ်ခဲ့သေးသည်။