
မုံရွာမြို့မှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား မုံရွာ အကျဉ်း ထောင်အတွင်း အထူးတရားရုံးမှာ ယနေ့ ရုံးထုတ်ခဲ့သော်လည်း တရားလိုဘက်က သက်သေ လာရောက်ခြင်း မရှိတဲ့အတွက် အမှုများ စစ်ဆေးနိုင်ခဲ့ခြင်း မရှိကြောင်း နီးစပ်သူများထံက သိရပါတယ်။
ကိုဝေမိုးနိုင်အနေဟာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက်က သပိတ်စစ်ကြောင်း ထွက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာကြောင့် ထိခိုက်ဒဏ်ရာများနဲ့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။
၎င်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီအနေနဲ့ ကိုဝေမိုးနိုင်အား လူသတ်မှု၊ နာကျင်စေမှုတို့နဲ့ အမှုဖွင့်လှစ်ခဲ့တဲ့ အပြင် နိုင်ငံတော် ပုန်ကန်မှုဖြင့်ပါ အရေးယူဆောင် ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
လက်ရှိမှာတော့ ကိုဝေမိုးနိုင်ကို မုံရွာမြို့တွင် ရဲနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်ဆိုပြီး ရာဇ သတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂၊ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)တို့နဲ့ စုစု ပေါင်း အမှု ၈ မှု တရား စွဲဆိုခံထားရပါတယ်။
အဆိုပါ အမှုအားလုံးအား မုံရွာ အကျဉ်းထောင်တွင်း တရားရုံးမှာ စစ်ဆေးလျက်ရှိပြီး ကိုဝေမိုးနိုင်မှာလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း နီးစပ်သူများက ပြောပါတယ်။
ယနေ့ ကိုဝေမိုးနိုင် ကဲ့သို့ပင် စစ်ကိုင်းတိုင်း ဝန်ကြီး ချုပ်ဖြစ်သူ ဒေါက်တာ မြင့်နိုင်ကိုလည်း ရုံးထုတ်စစ်ဆေးပြီး စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က စွပ်စွဲကာ တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ) အမှုနဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေအဖြစ် တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တဦးအား စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
ဒေါက်တာ မြင့်နိုင်အနေနဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီး ချုပ်နှောင်ခံရပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်၂ နှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွပ်စွဲ တရားစွဲဆိုတဲ့ အမှု ၇ မှုအတွက် ထောင် ၂၁ နှစ်၊ စုစုပေါင်း ထောင် ၂၃ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။