
ယမန်နေ့ နိုဝင်ဘာ(၅)ရက် ညပိုင်းတွင် မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်လုံးအေးရွာအနီးရှိ စစ်တပ်ပိုင် မိုင်တဲ တာဝါတိုင်ကိုဖောက်ခွဲဖျက်ဆီးခဲ့ပြီး အဆိုပါ တာဝါတိုင်သို့ လာရောက်စစ်ဆေးသည့် စစ်ကားကိုပါ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
မြစ်သားမြို့နယ် ရခိုင်ကြီးတိုက်နယ် ပြည်လုံးအေးရွာအနီးရှိ မိုင်တဲတာဝါတိုင်ကို နိုဝင်ဘာ(၅)ရက် ည(၁၀)နာရီခန့်တွင် မိုင်းဖောက်ခွဲခဲ့ပြီး လာရောက် စစ်ဆေးသော စစ်ကောင်စီ လက်နက်ကိုင်များပါရှိသည့် ကားကို မြင်းထားဝယ်အရှေ့ဘက် တံတားအနီး၌ ည(၁၂)နာရီကျော်တွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးစာရင်း မသိရသေးကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့နှင့် အမည်မဖော်လိုသော မြေပြင်တိုက်ခိုက်ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
“ညက တာဝါတိုင်ကို မိုင်းခွဲတာ ဟုတ်ပါတယ်”ဟု ဒေသခံတစ်ဦးကလည်း အတည်ပြုသည်။
ပြီးခဲ့သည့် အောက်တိုဘာ(၈)ရက်ကလည်း ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာနေ စကစ သတင်းပေး ဒလန်တစ်ဦး၏ နေအိမ်ကို ဗုံးနှစ်လုံးပစ်ခွဲ တိုက်ခိုက်ခဲ့ပြီးနောက် ယင်းနေအိမ်သို့ စမာရဲစခန်းမှ ဆိုင်ကယ်သုံးစီးနှင့် ကားဖြင့် လာရောက်စစ်ဆေးသော စစ်ကောင်စီ လက်နက်ကိုင် (၁၆)ဦးခန့်ကို လမ်းမှ ဖြတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင်နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးခန့်ရှိကြောင်း ဒေသခံများက ပြောသည်။