
ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေး ဝန်ထမ်းများ အဖွဲ့အစည်းကို ယာယီ ဖွဲ့စည်းလိုက်ကြောင်း အမျိူးသား ညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
အဆိုပါ အဖွဲ့အစည်းသည် NUG နှင့် အမျိူးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC ) တို့က သတ်မှတ်ထားသော မူဝါဒ စီမံချက်များနှင့်အညီ တရားရေးဆိုင်ရာ တာဝန်များကို တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
အဖွဲ့အစည်းတွင် နယက၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အဖွဲ့ဝင်များ၊ စာရင်းစစ်၊ ဘဏ္ဍာရေးမှူးနှင့် အတွင်းရေးမှူးမျာ စုစုပေါင်း ၁၂ ဦး ခန့်အပ်ထား၍ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက နယကအဖြစ် ဦးဆောင်မည် ဖြစ်သည်။
“အဓိကက ပြည်သူ့ တရားစီရင်ရေးမဏ္ဍိုင် အခိုင်အမာ တည်ရှိနေတယ်ဆိုတာကို အများပြည်သူ သိစေချင်တယ်။ တရားစီရင်ရေး ဥပဒေ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးမယ်။ CDM တရားရေးဝန်ထမ်း တရားစီရင်ရေး အောက်က တရားရေးဝန်ထမ်းတွေကို အပြန်အလှန် ဖေးမကူညီမယ်။ ကြားကာလမှာ ဥပဒေအသိပညာပေးဖို့ ချိတ်ဆက်ဖို့ တရားဝင်ဖုန်းနံပါတ်တွေ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ဖို့ရှိတယ် ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေး ဝန်ထမ်းများ အဖွဲ့အစည်း (ယာယီ) အတွင်းရေးမှူး ဦးမင်းနောင်ခိုင်က ပြောသည်။
‘’ တရားစီရင်ရေး ကိစ္စရပ်တွေကို ရုပ်လုံး ပေါ်အောင် ဆောင်ရွက်လို့ မရသေးဘူး။ အဲဒီအချိန်မှာ တရားစီရင်ရေးမှအပ တခြားသော တရားရေးဝန်ဆောင်မှုတွေကို ပေးလို့ရတယ်။ ဥပမာ- လက်ထပ်ထိမ်းမြားတဲ့ကိစ္စလိုမျိူးတွေ၊ NUG အောက်မှာ ဒါတွေကို သေချာလုပ်ပေးဖို့ ရှေ့ဆက် ဆောင်ရွက်ဖို့ရှိပါတယ်”ဟု ဦးမင်းနောင်ခိုင်က ပြောသည်။
CDM ပြုလုပ်ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ တရားစီရင်ရေး ရုံးဝန်ထမ်းများ သမဂ္ဂအဖွဲ့ (JSU) ကို ဦးဆောင်သည့် တရားသူကြီး ဦးကောင်းမြတ်သူက ယင်းအဖွဲ့တွင် ဥက္ကဌအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။