
မြန်မာနိုင်ငံတွင် အရပ်သားပြည်သူတို့အပေါ် အာဏာသိမ်းစစ်တပ်၏ ကျယ်ပြန့်ပျံ့နှံ့ပြီး စနစ် တကျဖြစ်သည့် တိုက်ခိုက်မှုက “လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” မြောက်သည်ကို ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စုဆောင်းရရှိထားသော ပဏာမ သက်သေအထောက်အထားများက ပြသနေကြောင်း မြန်မာနိုင်ငံရှိ အပြင်းထန်ဆုံး ပြစ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ကုလသမဂ္ဂအဖွဲ့တစ်ခု၏ အကြီးအကဲဖြစ်သူက ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ပေးပို့ချက်ပေါင်း ၂၀၀,၀၀၀ ကျော် လက်ခံရရှိထားပြီး သက်သေအထောက်အထား ၁ သန်း ခွဲကျော် စုဆောင်းရရှိထားကြောင်း IIMM အကြီးအကဲ နီကိုလပ်စ် ခွန်မ်ဂျီအန်က နိုဝင်ဘာ ၄ ရက်တွင် ကုလ သတင်းထောက်များကို ပြောသည်။
တစ်ချိန်ချိန်ကျရင် မြန်မာနိုင်ငံရှိ အပြင်းထန်အကြီးလေးဆုံး နိုင်ငံတကာ ပြစ်မှုများအတွက် တာဝန်အရှိဆုံးသူများကို တာဝန်ခံခိုင်းစေပြီး အပြစ်ပေးနိုင်ရန်အတွက် စုဆောင်းရရှိထားသည့် သက်သေအထောက်အထားများကို စိစစ်ခွဲခြမ်းလျက်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး သီတင်းပတ်ခြောက်ပတ်ခန့်အတွင်း ဆန္ဒပြမှုများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့များဘက်က ချင့်ချင့်ချိန်ချိန် တုံပြန်ခဲ့ပြီး ယင်းနောက်တွင် အကြမ်းဖက်မှုပိုင်းတွင် ပိုမိုမြင့်တက်လာခဲ့ပြီး ဆန္ဒပြသူများကို ဖိနှိပ်ရန် အတော်ပင် ပိုမို ပြင်းထန်ကြမ်းတမ်းသည့် နည်းလမ်းများ သုံးထားခဲ့သည် ဆိုသည့် အကြမ်းဖက်မှု ပုံစံများကို စုံစမ်းစစ်ဆေးသူများက တွေ့ရှိထားကြောင်း ၎င်းက ပြောသည်။
အရပ်သားများအပေါ် ကျူးလွန်သည့် ပြစ်မှုများက ပျံ့နှံ့ပြီး စနစ်တကျ ဖြစ်နေသည့် ပုံပေါ်သည်ဟု ၎င်းက တွက်ချက်ဆုံးဖြတ်ခဲ့သည်။
“ဒါက မတူညီတဲ့ နေရာတွေမှာ တချိန်တည်းမှာပဲ ဖြစ်ပျက်နေခဲ့တာပါ၊ ဒါက အဓိကဗဟို မူဝါဒတစ်ခုကနေ လာတာဖြစ်တယ်လို့ ကောက်ချက်ချမယ်ဆိုရင် ကျိုးကြောင်းညီညွတ်ပါလိမ့်မယ်” ဟု ခွန်မ်ဂျီအန်က ပြောသည်။
“ပြီးတော့ တစ်စုချင်းအလိုက်ဖြစ်တဲ့ အုပ်စုတွေ ပစ်မှတ်ထားခံခဲ့ရတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်၊ အထူးသဖြင့် ဖမ်းဆီးမှုတွေ၊ ထိန်းသိမ်းမှုတွေဟာ ဥပဒေနဲ့ပတ်သက်လို့ လူတိုင်းတရားစီရင်ရေးဆိုင်ရာ တူညီတဲ့ ဥပဒေကျင့်သုံးခံရမှု မရှိဘဲ ဖြစ်နေပုံ ပေါ်နေပါတယ်၊ ပြီးတော့ ဒီလို ပစ်မှတ်ထားခံရသူတွေထဲမှာ ဂျာနယ်လစ်တွေ၊ ဆေးဘက်ဆိုင်ရာ အမှုထမ်းလုပ်သားတွေနဲ့ နိုင်ငံရေး အတိုက်အခံတွေ ပါဝင်နေပါတယ်”
မြန်မာနိုင်ငံသည် နှစ် ၅၀ ကြာ တင်းကျပ်သည့် စစ်တပ်အုပ်ချုပ်မှုအောက်တွင် တိုးတက်မှု တန့်အီနေခဲ့ပြီး စစ်တပ်အုပ်ချုပ်မှုနှင့်အတူ နိုင်ငံတကာအလယ် သီးသန့်ရပ်တည်ခဲ့ရမှုနှင့် အရေးယူဒဏ်ခတ်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ချုပ်ကိုင်မှုကို လျှော့ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပါတီ အနိုင်ရခဲ့ပြီး နိုင်ငံကိုဦးဆောင်ခဲ့ချိန် ယင်းအချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒဏ်ခတ်ပိတ်ဆို့မှု အများစု ရုပ်သိမ်းခြင်း၊ နိုင်ငံတွင်းသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်တပ်က မဲမသမာမှုအကြောင်းပြကာ ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည်။စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုများဖြင့် ဖိစီးခံခဲ့ရပြီး အာဏာ သိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကနေ မြို့ပြဧရိယာအများအပြားတွင် ကနဦး လယ်ဗယ်နိမ့် လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းစစ်တပ် လုံခြုံရေးတပ်ဖွဲ့များက အသက်သေစေသည်အထိ အင် အားအသုံးပြုခဲ့ပြီး ယင်းနောက် ကျေးလက်ဧရိယာများတွင် ပိုမို ပြင်းထန်သည့် တိုက်ပွဲများဖြစ်ခဲ့ပြီး အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား အပြင်းအထန် တိုက်ခိုက်မှုများ ရှိနေခဲ့သည့် နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်နေခဲ့သည်။
ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သုံးနှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်က တာဝန်ပြီးဆုံးခဲ့သည့် ခရစ္စတင်း ရှာရန်နာ ဘာဂျီနာက အေပီသတင်းအေဂျင်စီကို ပြောခဲ့ရာတွင် မြန်မာနိုင်ငံတဝန်း ပြည်တွင်းစစ် ကူးစက်ပျံ့နှံ့နေခဲ့ပြီဟု ပြောခဲ့သည်။ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၁၈ စက်တင်ဘာလက ဂျီနီဗာ အခြေစိုက် လူ့အခွင့်အ ရေးကောင်စီက ထူထောင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် ကျူးလွန်သည့် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ၊ အပြင်းထန်ဆုံးသော နိုင်ငံတကာ အမှုအခင်းများ၏ သက်သေအထောက် အထားများကို စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်းစောင့်ရှောက်၊ စိစစ်ခွဲခြမ်းရန် လုပ်ပိုင်ခွင့်တစ်ခု အပ်နှင်းထားသည်။
ကမ္ဘောဒီးယား၊ အရှေ့တီမောနှင့် ဘော့စနီးယားတို့တွင် ကျူးလွန်သည့် ပြင်းထန်သော ပြစ် မှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာ အစိုးရရှေ့နေတစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည့် အမေရိကန်ရှေ့နေတစ်ဦးဖြစ်သော ခွန်မ်ဂျီအန်ကို IIMM ၏ အကြီးအကဲအဖြစ် ကုလအတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၁၉ တွင် ခန့်အပ်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ သားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို တရားစွဲဆိုရန် နိုင်ငံ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာ ခုံရုံးများတွင် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုများကို လွယ် ကူချောမွေ့စေနိုင်မည့် ဖိုင်များကို ပြင်ဆင်ရန် လမ်းညွှန်ချက်များ ပေးထားသည်။
၎င်း၏ အဖွဲ့အနေဖြင့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရများအပါအဝင် ကျယ်ပြန့်စုံလင်သည့် သတင်းရင်းမြစ်များမှ သက်သေအထောက်အထားများကို စုဆောင်းရရှိထားကြောင်း၊ သက်သေအထောက်အထားများထဲတွင် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ထွက်ဆိုချက်များအပြင် “ပြစ်မှုများ ဖြစ်ပွားခဲ့ခြင်းနှင့် ထိုပြစ်မှုများအတွက် မည်သူက တာဝန်ရှိသလဲ” ဆိုသည်ကို ပြသရန် သက်ဆိုင်ဆီလျော်မှု ရှိနိုင်သည့် ဆိုရှယ်မီဒီယာပို့စ်များ ပါကြောင်း ခွန်မ်ဂျီအန်က ပြောခဲ့သည်။