
အမေရိကန်အခြေစိုက် စီမံမှုစာရင်းပညာရှင်များအဖွဲ့ (IMA) သည် အကြမ်းဖက် မြန်မာစစ်တပ်အား ဆန့်ကျင်ကန့်ကွက်သည့်ဖက်တွင် ရပ်တည်သည့်အနေဖြင့် မင်းအောင်လှိုင်ခန့်ထားသည့် စာရင်းစစ်ချုပ် ဒေါက်တာကံဇော် ပါဝင်တက်ရောက်ရန် အာဆီယံစာရင်းကိုင်များအဖွဲ့ချုပ် (AFA) ညီလာခံမှ နုတ်ထွက်လိုက်ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်သည်။
Accounting Today သို့ ပြောကြားခဲ့သော မှတ်ချက်များတွင် IMA ၏ ပြောရေးဆိုခွင့်ရှိသူ Marc Gerrone က “လာမယ့် အာဆီယံ စာရင်းကိုင်များအသင်းချုပ် (AFA) နှစ်ပတ်လည် ကွန်ဖရင့်မှာ ပါဝင်တက်ရောက်မှုကို ရုပ်သိမ်းတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ IMA အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
IMA ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စာရင်းအင်း စီမံခန့်ခွဲမှု အတတ်ပညာတိုးတက်ရေး လုပ်ငန်းတွေသာမက လုပ်ငန်းခွင်အသီးသီးမှာ စာရင်းကိုင်အတတ်ပညာနဲ့ အသက်မွေးဝမ်းကြောင်းကြသူတွေ အတွက်ပါ ရပ်တည်ချက် ခိုင်မာစွာနဲ့ ထောက်ပံ့ကူညီနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ IMA ရဲ့ မျှော်မှန်းချက်နဲ့ အဓိက စံတန်ဖိုးတွေနဲ့အညီ AFA နဲ့ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ညီလာခံမှ IMA နုတ်ထွက်မှုသည် အကြမ်းဖက်မြန်မာစစ်ကောင်စီကို ဖယ်ထုတ်ခြင်းမပြုပါက IMA နှင့် အခြားနိုင်ငံတကာ စာရင်းကိုင်အဖွဲ့များအနေဖြင့် ညီလာခံမှ နုတ်ထွက်ကြရန် မြန်မာပြည်သူပေါင်း ၁၁,၀၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် လှုပ်ရှားမှု၏ ရလဒ်လည်း ဖြစ်သည်ဟု သိရှိရသည်။
ဩစတြေးလျစာရင်းပညာရှင်များသင်း (CPA Australia) နှင့် ဩစတြေးလျနှင့် နယူးဇီလန် စာရင်းပညာရှင်များအသင်း (CA ANZ) တို့သည် မြန်မာလူထု၏ တောင်းဆိုမှုများကြောင့် အဆိုပါ AFA ၏ ညီလာခံမှ နုတ်ထွက်ခဲ့ပြီးလည်း ဖြစ်သည်။သို့ရာတွင် နိုင်ငံတကာ စာရင်းကိုင်အဖွဲ့အစည်း လေးခုမှာမူ ယခုကဲ့သို့ နှုတ်ထွက်ခြင်း မရှိသေးပေ။
ထိပ်သီး UK စာရင်းကိုင်အဖွဲ့များဖြစ်သည့် လက်မှတ်ရစာရင်းပညာရှင်များအသင်း (ACCA) နှင့် အင်္ဂလန်နှင့်ဝေးလ်နိုင်ငံ စာရင်းပညာရှင်များအဖွဲ့ (ICAEW) တို့နှင့်အတူ ဂျပန်နိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းပညာရှင်များအဖွဲ့ (JICPA) တို့သည် ညီလာခံတွင် “ညီလာခံ၏ မိတ်ဖက်များ” အဖြစ် ဆက်လက် ပါဝင်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတကာစာရင်းပညာရှင်များအဖွဲ့ချုပ် (IFAC) သည်လည်း ညီလာခံတွင် ဆက်လက် ပါဝင်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက် မြန်မာစစ်ကောင်စီအား ထုတ်ပယ်ခြင်းမပြုပါက AFA ညီလာခံမှ နုတ်ထွက်ရန် ကျန်ရှိနေသောနိုင်ငံတကာ စာရင်းကိုင်အဖွဲ့အစည်းများအား တောင်းဆိုသည့် ပန်ကြားလွှာကို ပြည်သူများအနေဖြင့် လက်မှတ်ရေးထိုး မျှဝေရန် Justice for Myanmar က တိုက်တွန်းလိုက်ပြီး ဖော်ပြပါ https://chng.it/F2vTr9Jsb လင့်တွင် လက်မှန်ရေးထိုးရန် တောင်းဆိုထားသည်။
ဓာတ်ပုံ- ၂၀၂၀ ရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်သော်လည်း မင်းအောင်လှိုင်၏ ခန့်အပ်မှုဖြင့် စာရင်းစစ်ချုပ်ဖြစ်လာသည့် ကံဇော်။