
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရာတွင် အရှေ့တောင်အာရှနိုင်ငံများဘက်က “ပြည်တွင်းရေး ဝင်မစွက်ရေး” မူထက် “ဥပေက္ခာ မပြုရေး” မူ စွဲကိုင်ကျင့်သုံးခြင်းကို မလေးရှားနိုင်ငံက မြင်တွေ့လိုလျက် ရှိသည်။ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဥ်များနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပရေးအတွက် အာဆီယံအုပ်စု၏ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားကို မလေးရှားက တောင်းဆိုသွားမည် ဖြစ်သည်။
ထို အစည်းအဝေးတွင် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ယူဆွတ်ဖ်ကို မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ပြန်လည်အတည်ပြုခြင်းက အဓိကလုပ်ဆောင်စရာ ကိစ္စဖြစ်ရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက နိုဝင်ဘာ ၁ ရက်တွင် သတင်းထောက်များကို ပြောသည်။
အာရီဝမ် ယူဆွတ်ဖ်သည် ပြီးခဲ့သည့်လက သက်တမ်းကုန်ခဲ့သည့် ဘရူနိုင်း၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဥ်ကာလအတွင်း ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
“လက်ရှိအချိန်မှာ အလှည့်ကျဥက္ကဋ္ဌက ကမ္ဘောဒီးယား ဖြစ်ပါတယ်၊ ဆိုတော့ ကျွန်တော်တို့ဟာ သူ့ (အာရီဝမ် ယူဆွတ်ဖ်) ရဲ့ ခန့်အပ်မှုကို ထပ်လောင်းအတည်ပြုဖို့ လိုပါလိမ့်မယ်” ဟု ဆိုင်ဖူဒင်က ပြောသည်။ အာရီဝမ်အနေဖြင့် အဆက်အစပ် ရှိနေမှုကြောင့် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဆက်ရှိနေနိုင်မည်ဟု မလေးရှားဘက်က မျှော်လင့်နေသည်။
ထို့ပြင် မျှော်မှန်းထားသော ထိုအစည်းအဝေးတွင် အာဆီယံသံတမန် မြန်မာတွင် တွေ့ဆုံခွင့် ရသင့်သည့် လူပုဂ္ဂိုလ်များ၏ စာရင်းနှင့်ပတ်သက်၍လည်း ဆွေးနွေးသင့်သည်ဟု ဆိုင်ဖူဒင်က ပြောသည်။
“မလေးရှားအနေနဲ့ ပြောရရင် အာဆီယံအထူးသံတမန်ဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် အခြားလူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်ခွင့် မဖြစ်မနေ ရရပါလိမ့်မယ်လို့ ပြောချင်ပါတယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုက ပဓာနထိပ်တန်း ဖြစ်ရပါမယ်” ဟု ၎င်းက ပြောသည်။
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မပါဘဲ အာဆီယံထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပပြီး တစ်ပတ်ခန့်အကြာတွင် ဆိုင်ဖူဒင်က ပြောကြားရာတွင် ‘အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး မစွက်ဖက်ရေး’ ဆိုသည့် အာဆီယံ၏ ကာလကြာ ကိုင်စွဲထားသည့် မူ သည် လက်ရှောင်သည့် ချဥ်းကပ်နည်းတစ်ခု လုပ်ဆောင်ရန် အကြောင်းပြချက်တစ်ခု မဖြစ်သင့်ကြောင်း အလေးပေး ပြောသွားခဲ့သည်။
“ဘာလို့လဲဆိုတော့ လက်ရှိ မြန်မာဘက်နဲ့ ကျွန်တော်တို့အကြား ဆွေးနွေးမှုတွေဟာ ရလဒ်တွေ မထွက်တဲ့အချိန်မှာ ကျွန်တော်တို့ဟာ အဲဒီနေရာမှာ ရပ်နေလို့မရနိုင်ပါဘူး၊ တခြား နည်းလမ်းရွေးချယ်စရာတွေကို စဥ်းစားရမှာ ဖြစ်ပါတယ်၊ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ဟာ ကြားဝင်မစွက်ရေး မူကနေ ဥပေက္ခာမပြုရေး မူကို ပြောင်းရွှေ့သင့်ပြီလို့ ထင်ပါတယ်၊ ကမ္ဘာ့တခြားဒေသတွေမှာ ပထဝီနိုင်ငံရေး အကျပ်အတည်း အမျိုးမျိုးကို ဖြေရှင်းဖို့ အဲဒါကို အသုံးပြုထားပါတယ်” ဟု ဆိုင်ဖူဒင်က ပြောခဲ့သည်။