
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဘူကိုင်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်သားများက လေးကြိမ်မြောက် ဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ကျောက်ရစ်ရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့်သည် အရပ်ဝတ်များဖြင့် ဘူကိုင်းရွာအား ဝင်မွှေကာ ရွာမြောက်ပိုင်းရှိ နေအိမ်သုံးလုံးကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းစစ်ကောင်စီတပ်များ၏ မြောင်မြို့နယ်အတွင်း လှုပ်ရှားသွားလာသည့် ယာဉ်တန်းအား အောက်တိုဘာ လလယ်အချိန်တွင် ဘူကိုင်းရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးချိန်မှစပြီး စစ်ကောင်စီတပ်သားများက ထိုရွာကိုမကြာခဏ ဝင်ရောက် မွှေနှောက်ရှာဖွေနေခြင်းဖြစ်သည်။
“မနေ့တုန်းက ဘူကိုင်းရွာထဲကို သေနတ်တွေဖောက်ပြီး ဝင်လာတယ်၊ ပြီးတော့တပ်စွဲပြီး ရွာမြောက်ဘက်က အိမ်သုံးလုံးအစုလေးရှိတာကို မီးရှို့သွားတာပါ၊ အဝေးက ချောင်းကြည့်တဲ့သူတွေကိုလည်း သေနတ်နဲ့လှမ်းပစ်တယ်၊ လူတွေတော့မထိဘူး” ဟု ဘူကိုင်းရွာသားတစ်ဦးက ပြောသည်။
မြောင်မြို့တောင်ဘက် ကိုးမိုင်ခန့်အကွာ ဘူကိုင်းရွာ၏ ရွာနီးချင်းများဖြစ်သော ဆယ်ရွာနှင့်မယ်မသော်ကျေးရွာတို့ကိုလည်း စစ်ကောင်စီတပ်များက မကြာခဏဝင် ရောက်ရှာဖွေလေ့ရှိကြောင်း ဒေသခံထံမှ သိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ မယ်မသော်ရွာသို့ ဝင်မွှေစဉ် တောင်းရမ်းစားသောက်သည့် လူငယ်လေးတစ်ဦးအား ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသခံများမှ ထိုလူငယ်သေဆုံးနေပုံနှင့်တကွ သတင်းပေးပို့ထားသေးသည်။
“ကျွန်တော်တို့တွေက လယ်သမားတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ခုလိုခဏခဏဝင်မွှေခံရတာရယ်၊ ပြီးတော့ ဒီကောင်တွေက ဝင်လာပြီဆိုရင် အကုန်ဖျက်ဆီးကြတာ၊ စားစရာပစ္စည်းတွေသူတို့မသယ်နိုင်ရင်တောင် ဖျက်ဆီးပြစ်ခဲ့ကြတာ ဆန်တွေဆိုလည်း ဖြန့်ကြဲပြစ်ခဲ့ကြတာ အတော်လေးယုတ်မာကြတယ်” ဟု နေအိမ်ဖျက်ဆီးခံရသည့် ဘူကိုင်းရွာသားတစ်ဦးက စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖျက်ဆီးသွားပုံကို ပြောသည်။
ဘူကိုင်းရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရွာအတွင်း တပ်စွဲထားသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။