
ယမန်နေ့ နိုဝင်ဘာ(၂၇)ရက်က စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မကျေးရွာအနီးတွင် ဒေသခံ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ မဟာမိတ် ညီနောင်များနှင့် စစ်ကောင်စီ လက်နက်ကိုင်များ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပိတ်ဆို့ တိုက်ခိုက်ခံရသော စစ်ကောင်စီ လက်နက်ကိုင်များ (၁၀)ဦးသေကာ ငါးဦး ဒဏ်ရာရရှိသွားသည်ဟု မဟာမိတ်ညီနောင်များက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ(၂၇)ရက် မွန်းလွဲပိုင်းတွင် တစ်ကြိမ်၊ ညနေ (၄)နာရီမှ (၆)နာရီကျော်အထိ တစ်ကြိမ် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ လက်နက်ကိုင် (၁၀)ဦးသေကာ ငါးဦးထက်မနည်း ထိခိုက် ဒဏ်ရာရသွားသည်ဟု မြောင်ဒေသ တော်လှန်ရေး မဟာမိတ်ညီနောင်းများထဲမှ တစ်ဖွဲ့ဖြစ်သော မြောင်ပြည်သူ့တပ်မတော် (Myaung Union Army – MUA) က ထုတ်ပြန်သည်။
“ပရိမ္မသောင်ပြင်မှ ခြေကုပ်ယူထားသော စစ်ကောင်စီ အကြမ်းဖက်သမားများ အထက်သို့ ပြန်တက် မလာနိုင်စေရန် ဒေသခံ မဟာမိတ်တပ်များနှင့်အ အပန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့” ဟု MUA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ တိုက်ပွဲတွင် မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့ ၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့၊ တလုပ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ Taloke-PDF ၊ ပြည်သူ့တပ်မတော်(မြောင်)-MUA ၊ မြင်းခြံ တိုက်ဂါး ပြောက်ကျားတပ်ဖွဲ့ MGN TIGER၊ မြင်းခြံ ရိန်းဂျား ပြောက်ကျားတပ်ဖွဲ့ MGN RANGER နှင့် မြင်းခြံ Burmese Guerrilla Force-BGF အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပရိမ္မရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် ပထမအကြိမ်အဖြစ် နိုဝင်ဘာ(၂၇)ရက် နေ့လည်မွန်းလွဲချိန်တွင် တစ်နာရီခန့်ကြာ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် သုံးဦး သေသည်။
ထို့နောက် ညနေ (၄)နာရီမှ (၆)နာရီကျော်အထိ နှစ်နာရီကျော်ကြာ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် ခုနှစ်ဦး သေပြီး ငါးဦးထက်မနည်း ဒဏ်ရာရသည်ဟု မဟာမိတ်ညီနောင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“တိုက်ပွဲတွင် စစ်ကောင်စီ အကြမ်းဖက်သမာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသော်လည်း ကျွန်ုပ်တို့ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်များ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိဘဲ အန္တရာယ်ကင်းစွာ တပ်ဆုတ်ခွာနိုင်ခဲ့သည်” ဟု မြောင်မဟာမိတ်များက ထုတ်ပြန်ထားသည်။
