
ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ် ထိစပ်ဒေသရှိ မြစ်ဆုံ၊ မြစ်သာ၊ ရွှေလှံ၊ သုခတိပ၊ ဆင်လှောင်ကျေးရွာများအတွင်းသို့ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ ပြည်သူ ၁ ဦးအား ပစ်သတ်ပြီး အခြားစစ်ရှောင်ပြည်သူ ၁၅ ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ဒီမနက် မိုးလင်းလင်းခြင်းကို ဝင်စီးတာ၊ အရပ်ဝတ်တွေနဲ့လာတာ။ သူတို့က လက်နက်ကြီးတွေရော သေနတ်တွေရော ပစ်တာ။ ၁ ယောက်သေသွားတယ်၊ မြစ်ဆုံရွာသား ၁၅ ယောက်လောက် အဖမ်းခံရတယ်၊ ရွာသားအစစ်တွေပါဗျာ။ စစ်ခွေးတွေက စစ်ကိုင်းဘက်ရှေ့တန်းမထွက်ချင်တိုင်း လက်နက်မရှိတဲ့ ရွာတွေကို လာပြီး သောင်းကြမ်းဖမ်းဆီးနေတာ” ဟု ထွက်ပြေးလွတ်မြာက်ခဲ့သူ ဒေသခံ ရွာသား ၁ ဦးမှ အတည်ပြုပြောဆိုသည်။
ယခုလို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ မနက်အစောပိုင်းတွင် ဝင်ရောက်လာမှုကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်၊ ဧရာဝတီ-ချင်းတွင်း မြစ်ဆုံဒေသရှိ မြစ်ဆုံ၊ မြစ်သာ၊ ရွှေလှံ၊ သုခတိပ၊ ဆင်လှောင် စသည့် ရွာ ၅ ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။