
ဒီနေ့နံနက်ပိုင်းက နာမည်ကျော် ဟာမြင်းကြီးသတ္တုတွင်းရှိရာ ထားဝယ်မြို့နယ်၊ မြေးခန္တီရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။
ရေဖြူမြို့နယ်၊ သစ်ကတိုးရွာမှာ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်စောစောအချိန်က စပြီး အကြမ်းဖက်စစ်ကောင်စီတပ်အင်အား တစ်ရာဝန်းကျင်နဲ့ လာရောက်တပ်စွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့နံနက် ၆ နာရီလောက်မှာ သစ်ကတိုးရွာကနေ မြေးခန္တီရွာကို သွားတဲ့ စစ်ကောင်စီတပ်သားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကနေသိရပါတယ်။
PDF အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့တယ်လို့ သိရပြီးဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သစ်ကတိုးရွာက ဒေသခံအမျိုးသားသုံးဦးကို ဖမ်းခေါ်သွားခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေသစ်ကတိုးရွာကိုပြန်လည်ရောက်ရှိနေပြီး အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။