
ယနေ့ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူလူထု၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၈၂ ဦး သေဆုံးမှုရှိပြီး စစ်ကိုင်းတိုင်းတွင် စစ်သားအများဆုံးသေဆုံးနေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းနှင့်နတ်မြောင်း၊ ချောင်းခွရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅၀ ကျော်သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ် ကလေး PDF က သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ စည်သာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် ကလေး-ဂန့်ဂေါ ကားလမ်းပိုင်း၌ မိုင်းရှင်းလင်းနေသည့် စစ်ကား ၃၃ စီးကို နတ်မြောင်းကျေးရွာနှင့် စည်သာ ကျေးရွာအကြားတွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ အသေအပျောက်များပြားခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းအား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့CDSOM ဦးဆောင်ကာ မဟာမိတ်အဖွဲ့များက နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂နာရီ ၃ဝမိနစ်တွင် ဘိုးမြတ်သာရွာ တောင်ဘက် ပေါက်တောချောင်း တံတားအလွန်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း CDSOM အဖွဲ့က သိရသည်။
စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးနှင့် ဆင်ကူးကျေးရွာအနီး နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ KIA ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
စစ်ကိုင်းတိုင်း ကနီမြို့ ရေဝါချောင်း တံတား အနီးတွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့ဝင်များကို ရိက္ခာ သွားရောက်ပို့ဆောင်သည့် ပျူစောထီး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဆိုင်ကယ် ၁၂ စီးကို ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၈နာရီခန့်တွင် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပျူစောထီးအဖွဲ့ဝင် ၈ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦး ကျည်ထိမှန်ပြီး ၁ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက် မုံရွာ အားကစားသိပ္ပံအနီးတွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂နာရီခန့်၌ ရဲတပ်သားတစ်ဦး Duty နားချိန် လက်ဖက်ရည်ထွက် သောက်စဉ် အပြန်လမ်း၌ PDF-South Monywa အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PDF-South Monywa အဖွဲ့က သိရသည်။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် အင်ကုက္ကားကျေးရွာရှိ စိုက်ပျိုးရေးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ် TPC က သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်း
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ကျောက်တလုံးရွာ၊ ကုလရွာနှင့် လက်ပံကျင်းရွာရှိ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် MyTel တာဝါတိုင် ၃တိုင်ကို နိုဝင်ဘာလ ၂ရက်နေ့ ညပိုင်းတွင် Ngazun’s HEROS အဖွဲ့က ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။မန္တလေးတိုင်း ညောင်ဦးမြို့နယ် မြင်းကပါရွာတွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်းအောင် ကို MGN Tiger နှင့်BGN-NYU PDFတို့က နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း MGN Tiger အဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်တွင် MNDAAတပ်ဖွဲ့၏ အထူးဒေသ ၁ မုံးကိုးခရိုင်နှင့် သိန္နိခရိုင်တို့တွင် နိုဝင်ဘာလ ၁ရက်နှင့် ၂ရက်နေ့များတွင် MNDAA တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း MNDAA အဖွဲ့ထံမှသိရသည်။ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၄ နာရီ ၃၀မိနစ်ခန့်တွင် လားရှိုးနှင့်သိန္နိလမ်းကြားတွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် နာချန်ဒေသ၏ မြောက်ဘက်တွင်လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကာ မုံးကိုးခရိုင် ဖိုက်ကုန်လျှံကျည် ဒေသတွင်လည်း နံနက် ၈ နာရီ ၂၆ မိနစ်မှစတင်ကာ နေ့လည် ၁၃နာရီ ၁၀ မိနစ် အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း MNDAA အဖွဲ့ထံမှ သိရသည်။ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ စစ်ကူအဖွဲ့က မုံးကိုးဒေသသို့ ရောက်ရှိလာပြီး ကိုးကန့် MNDAA တပ်ဖွဲ့များ ရှိရာ ဖောင်းဆိုင်ဒေသကို ထိုးစစ်ဆင်ရန် ချီတက် လာသောကြောင့် ကိုးကန့် MNDAAတပ်ဖွဲ့များက စစ်ကူရန် ချီတက်လာသော ယဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး မုံးကိုးဒေသက ဖောင်းဆိုင် ဒေသကြားရှိ ကွမ်သာလမ်းကြောင်းတွင် စစ်ကောင်စီ၏ စစ်ကားများကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း MNDAA အဖွဲ့ထံမှ သိရှိရသည်။
မွန်ပြည်နယ်
မွန်ပြည်နယ် သံဖြူဇရပ်-ရေး အဝေးပြေးလမ်းမပေါ်ရှိ စွပ်ပလောင်နဲ့ ဝဲခမိရွာကြားတွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၈နာရီခန့်၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကား ၁စီးကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နှင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
မကွေးတိုင်း
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့က အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသော မြင့်ဝင်းနှင့် ဇနီးတို့ကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝ မိနစ်တွင် ပခုက္ကူ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပခုက္ကူ PDFအဖွဲ့က သိရသည်။
ကယားပြည်နယ်
ကယားပြည်နယ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ အုပ်စု လွယ်ဝှဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့၌ KA၊ KNDF၊ လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ မိုးဗြဲ၊ အလယ်ပိုင်းတိုင်း PDF ပူးပေါင်းတပ်ဖွဲ့တို့ နေ့လည် ၁၂နာရီကစတင်ကာ ညနေ ၅နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDFအဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဆင်ကူးရွာအနီးရှိ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel တာဝါတိုင်ကို နိုဝင်ဘာလ ၃ ရက်နေ့ ည ၈ နာရီတွင် DDF နှင့် မဟာမိတ်အဖွဲ့များက ထန်တလန်အတွင် သွေးကြွေးဆပ်သည့် အနေဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း DDF အဖွဲ့က သိရသည်။
ရန်ကုန်တိုင်း
ရန်ကုန်တိုင်း သာကေတမြို့နယ် မာန်ပြေ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းနားတွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ ည၉နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် EPC ရုံးအရှေ့တွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂နာရီ ၁၆ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်
ချင်းပြည်နယ် မတူပီ-မင်းတပ်လမ်းပိုင်းတွင် သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ကား ၇၅ စီးကို CDF-မင်းတပ်က ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးကြောင်း၊ CDF-မင်းတပ် တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း CDF-မင်းတပ်မှ သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်မှ စစ်သည်တစ်ဦး။