
ယနေ့ နိုဝင်ဘာ(၁၅)ရက် မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ရဲစခန်းကို အင်းတော် ပြောက်ကျားတပ်ဖွဲ့က စီးနင်းသိမ်းပိုက်ကာ စခန်းကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများကပြောသည်။
ယနေ့ မနက်(၂)နာရီဝန်းကျင်တွင် မော်တိတ်ရဲစခန်းကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကာ အင်းတော် ပြောက်ကျားတပ်ဖွဲ့က မီးရှို့သဖြင့် စခန်းအတွင်းရှိ ရဲကင်း သုံးခုအနက် ရဲကင်းနှစ်ခု မီးလောင်ပြာကျသွားသည်ဟု အင်းတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။
“မော်တိတ်က ဒလန်လည်းပေါ၊ အုပ်ချုပ်ရေးမှူးကလည်း ဒလန်ဆိုတော့ မီးရှို့လိုက်တာပါ။ ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်တာပါ”ဟု အင်းတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။
အဆိုပါ အင်းတော်မြို့နယ် မော်တိတ်ရဲစခန်းအား သိမ်းပိုက်မီးရှို့ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများ မသိရသေးပါ။
ဒေသခံအချို့ကမူ အဆိုပါ မော်တိတ်စခန်းအတွင်း စစ်ကောင်စီ လက်နက်ကိုင်များ ရှိမနေတော့ဟု ဆိုသည်။
နိုဝင်ဘာ(၁၃)ရက်ကလည်း စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားကျေးရွာရှိ မီးရထားရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင်များ ထွက်ပြေးသွားခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရယူနိုင်ခဲ့သေးသည်။