
ယနေ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နှင့်ကမာရွတ်မြို့နယ်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲနေပြီး ကမာရွတ်မြို့နယ်၊ ပြည်လမ်း KBZ ဘဏ်ရှေ့ ဝန်းကျင်နှင့် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ KBZ ATM တွင် နှစ်ကြိမ် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။
ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်၊ မာလာဆောင်ရှေ့မျက်နှာချင်းဆိုင်၊ ပြည်လမ်း KBZ ဘဏ်ရုံးချုပ်အနီး ယနေ့နံနက် ၉ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ပြည်လမ်းရှေ့ KBZ ဘဏ်နားမှာ ပေါက်တာက အသံအရမ်းကျယ်တယ်။ လူထိတာမရှိဘူး။ မာလာမှတ်တိုင် ဘဏ်နားကို ကပ်ပြီး ဗုံးဖောက်တာ။ ရဲနဲ့ စစ်သားတွေ ရောက် လာပြီး ဘဏ်ဘက်အခြမ်းက လမ်းကိုပိတ်ပြီး စစ်တာတွေ လုပ်တယ်။ အခုတော့ ပြန်ဖွင့်လိုက်ပါပြီ” ဟု ကမာရွတ်ဒေသခံတစ်ဦးက ပြောသည်။
အလားတူ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာဝင်းအတွင်းရှိ KBZ ATM ကိုလည်း ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။
“ATM စက်ကတော့အတော်ပျက်စီးသွားတယ်။ လူထိတာမရှိဘူး။ အခုတော့ စစ်ဆေးနေတာတွေ့တယ်။ CCTV လိုက်တောင်းနေတယ်ကြားတယ်” ဟု မင်းဓမ္မလမ်းအနီးမှ ပြည်သူတစ်ဦးက ဆိုသည်။