
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၆ အရှေ့ရပ်ကွက်တွင် စစ်ကောင်စီခန့် ဆယ်အိမ်မှူး ဝင်းကြိုင် ယနေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
သာကေတ ၊ ၆ အရှေ့ ရပ်ကွက် ၊ဝေဇယန္တာ ၁၃လမ်းထိပ် လက်ဖက်ရည်ဆိုင်တွင် ဆယ်အိမ်မှူးဝင်းကြိုင် ယနေ့နံနက်၈နာရီ၂၈ မိနစ်ဝန်းကျင်အချိန် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပစ်တာကတော့ သေနတ်နဲ့ ၃ ချက်ပစ်သွားတာ။ ပွဲချင်းပြီး သေတယ်။ ၁၀ မိနစ်လောက်ကြတော့ စစ်တပ်နဲ့ ရဲ ရောက်လာပြီး နာရေးကားနဲ့ အလောင်းသယ်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
အလားတူ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ မြို့ဟောင်းအနောက်ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှုး မောင်ပန်း ကိုနိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် သန်လျင်ပြည်သူ့ကာကွယ်ရေးက သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မြဝတီရွာမှ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ အောင်တင်မျိုးနှင့် အောင်သာရွာမှ ဖိုးကြည်တို့ကို Natogyi PDFက သတ်ဖြတ်လိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြနသည်။
အလားတူ နိုဝင်ဘာ (၃၀)ရက်နေ့ န့နက် ၁၁ နာရီခန့်အချိန် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ အမည်မသိ လက်နက်ကိုင်တချို့က သေနတ်ဖြင့် ပစ်ခတ်ရာ ရပ်ကွက်ရုံး လုံခြုံ ရေးအစောင့် စစ်သားတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဆွေ တို့ ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း၊ CCTV မှတ်တမ်းကို စစ်တပ်ရယူပြီး ပစ်ခတ်သူများကို လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ယနေ့ ညနေ(၄)နာရီဝန်းကျင်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ၅ လမ်းနှင့် ၇၆ လမ်းအနီးတွင် ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ မြင့်သိန်း ပစ်ခတ်ခံရကြောင်း ၊ လက်ရှိတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။